၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၈

မန်ချက်စတာယူနိုက်တက်အသင်းရဲ့စီနီယာကစားသမားတွေက ဆိုးလ်ရှားရဲ့နည်းစနစ်ပိုင်းကို ယုံကြည်မှု မရှိတော့ပေမယ့် နည်းပြကတော့ သူ့ရာထူးကနေ နှုတ်ထွက်ဖို့ ငြင်းဆန်ထားတာဖြစ်ပါတယ်။

နိုင်ငံတကာ ပွဲစဉ်တွေ ကစားနေတဲ့အချိန်မှာ နော်ဝေကို ပြန်ကာ အားလပ်ရက်ယူခဲ့တဲ့ ဆိုးလ်ရှားဟာ အခု တပတ်မှာ ကစားမယ့်ပွဲစဉ်တွေအတွက် အသင်းကို ပြန်လည်ကိုင်တွယ်နေတာဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ၁၂ ပွဲမှာ ၆ ပွဲရှုံးနိမ့်ခဲ့တာကြောင့် ဆိုးလ်ရှားဟာ ကာရင်တန် လေ့ကျင့်ရေးကွင်းမှာ သူ့ရဲ့စိတ်ဓါတ်ကို ချက်ချင်းပဲ မြှင့်တင်နိုင်ဖို့ ကြိုးစားနေခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ စနေနေ့မှာ ဝက်ဖိုဒ့်အသင်းနဲ ပရီးမီးယားလိဂ် အဝေးကွင်းကစားပြီး ကြားရက်မှာ ချန်ပီယံလိဂ်နောက်တဆင့်တက်နိုင်ဖို့ အရေးပါတဲ့အုပ်စုပွဲစဉ်အဖြစ် ဗီလာရီးရယ်လ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ၂ ရာသီဆက်တိုက် ချန်ပီယံလိဂ်အုပ်စု အဆင့်ကနေ လှည့်ပြန်ခဲ့မယ်ဆိုရင် ဆိုးလ်ရှားကို ထောက်ခံနေတဲ့ ဘုတ်အဖွဲ့ရဲ့ဆုံးဖြတ်ချက်တွေဟာလည်း ပြောင်းလဲသွားဖွယ်ရှိနေတာပါ။ ဒါပေမယ့် ဆိုးလ်ရှားကတော့ အသင်းကိုရလဒ်ကောင်းတွေ ပြန်ရအောင် ယူ ပေးနိုင်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် ၁၁ ပွဲကစားအပြီးမှာ ထိပ်ဆုံးနေရာကအသင်းနဲ့ ၉ မှတ် အကွာ အဆင့် ၆ နေရာမှာ ရပ်တည်နေတာလည်းဖြစ်ပါတယ်။ဒါ့အပြင် ဝက်စ်ဟမ်းကို အရေးနိမ့်ပြီး ကာရာ ဘောင်းဖလားကနေလည်း ထွက်ခွာထားရတာပါ။ အသင်းရဲ့စီနီယာကစားသမားအများအပြားကတော့ နည်းပြရဲ့ နည်းဗျုဟာပိုင်းနဲ့ လူစာရင်းရွေးချယ်မှုအပေါ်မှာ စိတ်ပျက်မှုတွေ ပိုပြီးတိုးလာခဲ့တာလည်း ဖြစ်ပါတယ်။ ကလပ် အသင်းအနေနဲ့ ပေါ့ဘာကို စာချုပ်သစ်ချုပ်ဆိုဖို့ အဆင်မပြေမှုတွေရှိနေသလို ရော်နယ်ဒိုနဲ့ဘရူနိုဖာနန်ဒတ်စ် တို့ကလည်း အသင်းကို ပိုကောင်းအောင်လုပ်ဆောင်သင့်တယ်လို့ ယုံကြည်နေကြတာပါ။

ဗန်ဒီဘိခ်၊ လင်ဂတ်အပါအဝင် ကစားသမားအချို့ကလည်း သူတို့ရဲ့ပွဲကစားချိန် မရရှိတာကို နားမလည်နိုင်အောင် ဖြစ်နေကြပါတယ်။ ဗန်ဒီဘိခ်နဲ့လင်ဂတ်တို့ကတော့ ဇန်နဝါရီအပြောင်းအရွှေ့မှာအသင်းက ထွက်ခွာဖို့ စဉ်းစား နေကြပြီလည်းဖြစ်ပါတယ်။ဒါပေမယ့် ဆိုးလ်ရှားကတော့ ဒီလိုအခက်အခဲတွေကို ရင်ဆိုင်နေရတာတောင် စိတ်ဓါတ်တက်ကြွနေတယ်လို့ သတင်းမှာဖော်ပြထားတာဖြစ်ပါတယ်။

Source-thesun.co.uk