CNI Sport News
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၈
ဘာစီလိုနာအသင်းဥက္ကဌ လာပေါ်တာ က မက်ဆီနဲ့ အင်နီယေစတာတို့ အသင်းကို ပြန်လာနိုင်ဖွယ်ရှိတဲ့ ဖြစ်နိုင်ခြေနဲ့ပတ်သက်ပြီး သူငြင်းပယ်သွားမှာမဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။ ဘာစီလိုနာအသင်းဟာ ရာသီအစ ရလဒ်ဆိုးတွေကြောင့် နည်းပြ ရော်နယ်လ်ကိုးမန်းကို ထုတ်ပယ်ပြီး ကစားသမားဟောင်းဖြစ်တဲ့ ဇာဗီ ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ဘာစီလိုနာအသင်းအနေနဲ့ ဇာဗီကို ခန့်အပ်ပြီးနောက် အသင်းရဲ့ ကစားသမားဟောင်းဖြစ်တဲ့ အဲလ်ဗတ်စ် ကို ကာလတို စာချုပ်ချုပ်ဆိုပြီး ပြန်လည်ခေါ်ယူခဲ့တာပါ။
လာပေါ်တာက အဲလ်ဗတ် ကို ခေါ်ယူပြီးနောက် အသင်းရဲ့အဓိက ကစားသမားဟောင်း ၂ ဦးကိုလည်း အိမ်ပြန် လာဖို့ လမ်းဖွင့်ပေးထားတာဖြစ်ပါတယ်။မက်ဆီဟာ အခု နွေရာသီကမှ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း တိုးဖို့ အဆင်မပြေခဲ့တာကြောင့် ပီအက်စ်ဂျီအသင်းကို အလွတ်နဲ့ ပြောင်းရွှေ့သွားခဲ့တာပါ။အင်နီယေစတာ ကတော့ ဂျပန်ကလပ် ဗစ်ဆဲလ်ကိုဘေး အသင်းမှာ ကစားနေတာဖြစ်ပါတယ်။ အဲလ်ဗတ်စ် ကို ကစားသမား သစ်အဖြစ် မိတ်ဆက်တဲ့ပွဲမှာ လာပေါ်တာက “သူတို့ ၂ ဦး ပြန်လာနိုင်ဖို့နဲ့ပတ်သက်ပြီး မငြင်းဆိုထားပါဘူး။ ဒန်နီအဲလ်ဗတ်စ်တောင်ဖြစ်ခဲ့တာပဲ။အသက်ဆိုတာ နံပတ်တခုပါ။သူတို့ ၂ ဦးက အလွန်ကောင်းမွန်တဲ့ ကစား သမားတွေပါ”လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် လာပေါ်တာ က “မနက်ဖြန် ဘာတွေဖြစ်မလဲဆိုတာ ကျနော်မခန့်မှန်းနိုင်ပါဘူး။သူတို့ဟာ အခြားကလပ် တွေနဲ့ စာချုပ်ချုပ်ဆိုထားပြီး ကစားနေဆဲပါပဲ။ဘဝမှာ ဘာတွေဖြစ်မလဲဆိုတာ ခင်ဗျားတို့ ဘယ်တော့မှ သိမှာ မဟုတ်ပါဘူး”လို့ ပြောခဲ့တာပါ။မက်ဆီကတော့ ပီအက်စ်ဂျီ အသင်းမှာ ကြံခိုင်မှုပိုင်းဆိုင်ရာ ပြဿနာတွေ ကြောင့် ၈ ပွဲသာ ပါဝင်ကစားနိုင်ပြီး ၃ ဂိုးသွင်းယူထားတာဖြစ်ပါတယ်။ အသက် ၃၄ နှစ်အရွယ်ရှိ မက်ဆီဟာ ပြီးခဲ့တဲ့လက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဘာစီလိုနာအသင်းဟာ သူ့ရဲ့နှလုံးသားကို ဆုပ်ကိုင်ထားဆဲဖြစ်ပြီး ပီအက်ဂျီအသင်းနဲ့ စာချုပ်ကုန်ဆုံးတဲ့အချိန်မှာ စပိန်ကလပ်ကို ပြန်လာချင်တယ်လို့ ဝန်ခံထားပါတယ်။
ဘာစီလိုနာအသင်းရဲ့ကွင်းလယ်မှာ ဇာဗီနဲ့အတူအတွဲညီခဲ့တဲ့ အင်နီယေစတာကလည်း ဘာစီလိုနာကို ပြန်လာ ချင်တယ်လို့ ပြောထားတာပါ။အင်နီယေစတာ က “အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ကျနော် မသိပါဘူး။ကျနော့်ဘဝရဲ့ အခိုက်အတန့်အချို့မှာ ဘာစီလိုနာကို ပြန်လာချင်ပါတယ်။ကျနော့်အိမ်ဖြစ်တဲ့ ဘာကာကို ပြန်လာဖို့ တစ်နည်းမဟုတ်တစ်နည်းနဲ့ဆက်လက်ကူညီစေချင်ပေမယ့် အနာဂတ်ကို ဘယ်သူမှ မသိနိုင်ပါဘူး”လို့ ပြောခဲ့တာပါ
Source-goal.com