၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၈
အီရန်အမျိုးသမီးအသင်းရဲ့ဂိုးသမားဖြစ်သူ ဇိုရက်ကူဒေအီ က သူမဟာ အမျိုးသမီးဖြစ်တယ်လို့ ပြောဆိုလိုက်ပြီး အမျိုးသားဟု စွပ်စွဲခဲ့တဲ့ ဂျော်ဒန်ဘောလုံးအဖွဲ့ချုပ်ကို တရားစွဲဆိုသွားမယ်လို့ ပြောလိုက်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလက အာရှဖလားအမျိုးသမီးခြေစစ်ပွဲအဖြစ် ဂျော်ဒန်အသင်းနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီးနောက် ဂျော်ဒန်ဘောလုံးအဖွဲ့ချုပ်က အီရန်အမျိုးသမီးအသင်း ဂိုးသမားကို အမျိုးသားလား အမျိုးသမီးလားဆိုတာ စစ်ဆေးပေးဖို့ အာရှဘောလုံးအဖွဲ့ချုပ်ကို တောင်းဆိုခဲ့တာဖြစ်ပါတယ်။
အသက် ၃၂ နှစ်အရွယ်ရှိ ကူဒေအီဟာ ဂျော်ဒန် အသင်းကို ပင်နယ်တီအဆုံးအဖြတ် ၄ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရတဲ့ ပွဲမှာ ပင်နယ်တီ ၂ လုံးကို ကာကွယ်နိုင်ခဲ့ပြီး အမျိုးသမီးအာရှဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ပါဝင်ခွင့်ရနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
အီရန်အမျိုးသမီး ဂိုးသမားရဲ့ လိင်ပိုင်းဆိုင်ရာကို စစ်ဆေးပေးဖို့ တောင်းဆိုခဲ့တဲ့ ဂျော်ဒန်
တူရကီသတင်းဌာနတခုနဲ့ အင်တာဗျူးပြုလုပ်ရာမှာ ကူဒေအီ က “ကျမက အမျိုးသမီးပါ။ ဒါက ဂျော်ဒန်နိုင်ငံက အနိုင့်ကျင့်မှုတွေပြုလုပ်တာပါပဲ။ဒါကို တရားစွဲဆိုသွားပါမယ်။ကျမ ဂျော်ဒန်ဘောလုံးအဖွဲ့ချုပ်ကို တရားစွဲဆို သွားပါမယ်။ဒါက သူတို့ အနိုင်ကျင်တဲ့အတွက်ပါပဲ”လို့ ဖြေဆိုခဲ့ပါတယ်။
အာရှဘောလုံးအဖွဲ့ချုပ်ရဲ့ပြောရေးဆိုခွင့်ရှိသူကတော့ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး စုံးစမ်းစစ်ဆေးခြင်းရှိ မရှိကို အတည်ပြုပေးဖို့ ငြင်းဆန်ထားတာပါ။ အီရန်နည်းပြ အီရန်ဒို့စ် ကိုယ်တိုင်က ဂျော်ဒန်ရဲ့စွပ်စွဲချက်တွေကို ပြင်းပြင်းထန်ထန်ပယ်ချထားတာလည်းဖြစ်ပါတယ်။ သူမက “ဒီလိုကိစ္စတွေမှာ ပြဿနာမဖြစ်ပွားအောင် ဆေး အဖွဲ့တွေက နိုင်ငံအသင်းမှာရှိတဲ့ ကစားသမားတဦးချင်းစီရဲ့ဟော်မုန်းတွေကို သေချာစစ်ဆေးခဲ့ပါတယ်။ အဲဒါ ကြောင့် ပရိသတ်တွေအနေနဲ့ ဒါကို စိတ်မပူဖို့ ပြောချင်ပါတယ်”လို့ ပြောခဲ့တာပါ။
ဆက်လက်ပြီး “ဒီလိုစွပ်စွဲမှုတွေဟာ အီရန်အမျိုးသမီးအသင်းကို ရှုံးနိမ့်ခဲ့တာကို လက်မခံချင်တဲ့ အကြောင်းပြချက် တခုပါပဲ။ ဂျော်ဒန်အသင်းက သူတို့ကိုယ်သူတို့ ခြေစစ်ပွဲအောင်မယ်လို့ ယူဆနေကြတာပါ။ သူတို့ရှုံးသွားတဲ့အချိန် မှာ သက်သာရာရအောင် ရှာဖွေတာက သဘာဝကျပါတယ်။ အာရှဘောလုံးအဖွဲ့ချုပ်အနေနဲ့လည်း ဒါကို စစ်ဆေး မယ် ဆိုရင် အချိန်ဖြုန်းမနေဘဲ သူတို့လိုချင်တဲ့ စာရွက်စာတမ်းတွေအားလုံးကို ပေးသွားမယ်လို့” ပြောခဲ့တာ ဖြစ်ပါ တယ်။
Source-thesun.co.uk