CNI Sport News

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၉

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ကွင်းလယ်ကစားသမား ပေါ့ဘာ ဟာ ပေါင်ဒဏ်ရာကြောင့် ပြင်သစ် လက်ရွေးစင်အသင်းရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကို ပါဝင်နိုင်တော့မှာမဟုတ်ဘူးလို့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က အတည်ပြုလိုက်ပါတယ်။

အသက်(၂၈)နှစ်အရွယ်ရှိ ကမ္ဘာ့ဖလားချန်ပီယံ ကစားသမားဟာ တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ ပြင်သစ်လက်ရွေးစင် အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တာလည်းဖြစ်ပါတယ်။

အဲဒါကြောင့် ပေါ့ဘာအနေနဲ့ စနေနေ့ အိမ်ကွင်းမှာကစားမယ့် ကာဇတ်စတန်နဲ့ပွဲစဉ်၊ အခုလ(၁၆)ရက်မှာ ကစား မယ့် ဖင်လန်နဲ့အဝေးကွင်းပွဲစဉ်တွေမှာ ပြင်သစ်လက်ရွေးစင်အသင်းအတွက် ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။ ပေါ့ဘာဟာ လီဗာပူးလ်အသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ရရှိခဲ့တဲ့ အနီကတ်ပြစ်ဒဏ်ကြောင့် ပွဲပယ်ခံထားရပြီး အခုလ(၂၀)ရက်မှာ ကစားမယ့် ဝက်ဖိုဒ့်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အထိ မန်ချက်စတာ ယူနိုက်တက်အသင်းအတွက် ပါဝင်ကစားနိုင်မှာမဟုတ်ပါဘူး။

ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့လက်ရှိချန်ပီယံ ပြင်သစ်အသင်းဟာ လက်ကျန်ခြေစစ်ပွဲ (၂)ပွဲမှာ (၁)ပွဲ အနိုင်ရတာနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲအောင်မြင်သွားမှာလည်းဖြစ်ပါတယ်။ ရလဒ်ဆိုးတွေကြောင့် ဖိအားတွေ ဝင်နေတဲ့ မန်ချက်စတာယူနိုက်တက် အသင်းနည်းပြ ဆိုးလ်ရှားအတွက် အဓိကကစားသမားတွေ ဒဏ်ရာ ပြဿနာနဲ့ ကြုံတွေ့နေရလို့ ခေါင်းကိုက်နေရပြီလည်းဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းမှာ ပေါ့ဘာ ရဲ့ လက်ရွေးစင်အသင်းဖော် ဖာရန်းကလည်း တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရတာဖြစ်ပါတယ်။

တိုက်စစ်မှုး ကာဗာနီဟာ ဒဏ်ရာကြောင့် မန်စီးတီးနဲ့ပွဲကို လွဲချော်ခဲ့သလို၊ လုခ်ရှော ကလည်း အဲဒီပွဲမှာပဲ ရခဲ့တဲ့ ဒဏ်ရာကြောင့် လူစားလဲခဲ့ရတာပါ။လုခ်ရှောဟာ ဒဏ်ရာပြဿနာကြောင့် အင်္ဂလန်အသင်းနဲ့ မပူးပေါင်းခဲ့သလို တိုက်စစ်မှူး ရက်ရှ်ဖိုဒ့်သည်လည်း ဖျားနာနေတာကြောင့် အင်္ဂလန်အသင်းလူစာရင်းကနေ နှုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။