CNI Sport News

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၉

ပီအက်စ်ဂျီအသင်း အားကစားဒါရိုက်တာ လီယိုနာဒိုက ဒဏ်ရာပြဿနာကြောင့် ကြံခိုင်မှုပြည့်ဝခြင်းမရှိတဲ့ မက်ဆီကို လာမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် အာဂျင်တီးနား လက်ရွေးစင်အသင်းရဲ့ ရွေးချယ်မှုဟာ အဓိပ္ပါယ်မရှိဘူးလို့ ပြောလိုက်ပါတယ်။

အသက် ၃၄ နှစ်အရွယ်ရှိ မက်ဆီဟာ ပီအက်စ်ဂျီ ကစားသမားဘဝ အစမှာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတာ ဖြစ်ပါ တယ်။ မက်ဆီဟာ ပီအက်စ်ဂျီ အသင်း နောက်ဆုံးကစားခဲ့တဲ့ လိုက်ပ်ဇစ်နဲ့ ချန်ပီယံလိဂ်၊ ဘော်ဒိုးနဲ့ လီဂူးဝမ်းပွဲစဉ်တွေမှာ တံကောက်ကြောနဲ့ ဒူးဒဏ်ရာပြဿနာကြောင့် မပါဝင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အာဂျင်တီးနား အသင်းဟာ ဒီလိုဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်နေရတာတောင် မက်ဆီကို ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် အသင်းလူစာရင်းမှာ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနား အသင်းအနေနဲ့ လာမယ့် ၈ ရက်အတွင်းမှာ ဥရုဂွေး၊ ဘရာဇီးလ် အသင်းတို့နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ ယှဉ် ပြိုင်ရမှာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းနည်းပြ ပိုချက်တီနိုကတော့ မက်ဆီရဲ့ အနေနဲ့ အာဂျင်တီးနားအသင်းနဲ့အတူ ကစား ရမယ့် အခြေအနေက သူ့ရဲ့ ကြံခိုင်မှုပိုင်းကို ပြန်တည်ဆောက်နိုင်တဲ့ အခွင့်အရေးဖြစ်လို့ ဝမ်းသာတယ်လို့ ပြောထားတာပါ။

ပုံ- အာဂျင်တီးနားလက်ရွေးစင်အသင်းခေါင်းဆောင် မက်ဆီကိုတွေ့ရစဉ်။ (Goal)

ဒါပေမယ့် လီယိုနာဒို ကတော့ ဒါကို မကျေမနပ်ဖြစ်နေပြီး ဒီလိုကြံခိုင်မှု မပြည့်ဝတဲ့ ကစားသမားကို ခေါ်ယူခဲ့တဲ့ အာဂျင် တီးနားရဲ့ ဆုံးဖြတ်ချက်ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ) အနေနဲ့ ပါဝင်ပြီး ဖြေရှင်းဖို့ တိုက်တွန်းခဲ့ပါတယ်။

လီယိုနာဒိုက “လက်ရွေးစင်အသင်းက ရွေးချယ်တာနဲ့ ကစားသမားကို လွှတ်ပေးရတာမျိုးတော့ ကျနော် သဘောမတူပါဘူး။ မက်ဆီဟာ ရုပ်ပိုင်းဆိုင်ရာအရရော ပြန်လည်ထူထောင်ရေး အဆင့်မှာပါ ရှိနေတဲ့ သူမဟုတ်ပါဘူး”လို့ ပြောပါတယ်။

“ဒါဟာ အဓိပ္ပါယ် လုံးဝမရှိပါဘူး။ ဒီလိုအခြေအနေဟာ ဖီဖာရဲ့ အမှန်တကယ် သဘောတူညီမှုနဲ့ပဲ ထိုက်တန်ပါတယ်”လို့ သူက ပြောခဲ့ပါတယ်။

မက်ဆီဟာ အာဂျင်တီးနားအတွက် စက်တင်ဘာလနဲ့ အောက်တိုဘာလအတွင်း ကစားခဲ့တဲ့ ပွဲတိုင်းမှာ ပါဝင်ခဲ့ပေမယ့် ပီအက်စ်ဂျီအတွက်တော့ လီဂူးဝမ်းပြိုင်ပွဲမှာ ၃၂၅ မိနစ်သာ ပါဝင်ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။ မက်ဆီဟာ ပီအက်စ်ဂျီအတွက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၃ ဂိုး သွင်းယူထားပေမယ့် လီဂူးဝမ်းပြိုင်ပွဲမှာတော့ ဂိုးလည်းမသွင်းနိုင် ဂိုးဖန်တီးမှုလည်း မပြုလုပ်နိုင် သေးတာ ဖြစ်ပါတယ်။