CNI Sport News
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၉
နည်းပြသစ် ဇာဗီအနေနဲ့ အသင်းမှာ လက်ရှိ ရှိပြီးသား ကစားသမားတွေနဲ့အတူ အောင်မြင်မှုတွေ ရယူပေးနိုင်ဖို့ မျှော်လင့် ကြောင်း ကော်တင်ဟိုက ပြောလိုက်ပါတယ်။
ကစားသမားဘဝက ဘာစီလိုနာအသင်းနဲ့အတူ ဆုဖလား ၂၅ လုံးရယူပြီး အောင်မြင်မှုတွေ အများအပြား ရယူနိုင်ခဲ့တဲ့ ဇာဗီ ဟာ ဘာစီလိုနာအသင်းကို နည်းပြအဖြစ် ကိုင်တွယ်ဖို့ ပြန်လည် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
ဇာဗီဟာ ရလဒ်ဆိုးတွေကြောင့် ထုတ်ပယ်ခံရတဲ့ နည်းပြ ရော်နယ်လ်ကိုးမန်းရဲ့ နေရာမှာ အစားထိုး တာဝန်ယူ ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။ဘာစီလိုနာအသင်းကို ယာယီနည်းပြအဖြစ် ဆာဂျီဘာဟွမ် ကိုင်တွယ်ခဲ့တဲ့ ၃ ပွဲမှာ အသင်းဟာ ၁ ပွဲနိုင် ၂ ပွဲ သရေ ကျခဲ့တာ ဖြစ်ပါတယ်။
ဘာစီလိုနာ အသင်းဟာ နောက်ဆုံးပွဲမှာဆိုရင် ဆယ်လ်တာဗီဂို အသင်းကို ၃ ဂိုးပြတ်နဲ့ ဦးဆောင်ခဲ့ပြီးမှ ၃ ဂိုး ပြန်ပေးရကာ တဖက် ၃ ဂိုးစီ သရေကျခဲ့တာ ဖြစ်ပါတယ်။ အဲဒါကြောင့် ဘာစီလိုနာအသင်းဟာ လာလီဂါ ၁၂ ပွဲ ကစားပြီးချိန်မှာ ထိပ်ဆုံး နေရာက ရီးရယ်လ်ဆိုစီဒက်အသင်းနဲ့ ၁၁ မှတ်အကွာ အဆင့် ၉ နေရာမှာ ရပ်တည်နေတာလည်း ဖြစ်ပါတယ်။
ပုံ-ကော်တင်ဟိုကိုတွေ့ရစဉ်။(Eurosport)
ဇာဗီအနေနဲ့ ဘာစီလိုနာအသင်းကို အောင်မြင်မှုတွေရအောင် လုပ်ပြပေးနိုင်မယ့်သူလို့ ကော်တင်ဟိုကတော့ ယုံကြည် နေပါတယ်။
ဘရာဇီးလ်အသင်းနဲ့အတူ နိုင်ငံတကာပွဲတွေ ကစားဖို့ ရောက်ရှိနေတဲ့ ကော်တင်ဟိုက “ဇာဗီဟာ အလွန်ကောင်းမွန်တဲ့ ကစားသမားဖြစ်ပြီး သူဟာ အခုဆိုရင် ဘာစီလိုနာဆိုတဲ့ အိမ်ကို ပြန်ရောက်နေပါပြီ။ ကျနော်တို့ အသင်းမှာ သူအလွန် အောင်မြင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကာတာမှာရှိတဲ့ ဆရာဝန်အချို့ဆီ သွားတဲ့အချိန်တုန်းကလည်း သူနဲ့ စကားပြော ဆိုခဲ့ပါသေးတယ်။ သူဟာ ဘယ်လိုလူစားမျိုးလဲဆိုတာ ကျနော်တို့ သိပါတယ်။ သူဘာစီလိုနာမှာ သေချာပေါက် ကောင်းမွန် အောင် လုပ်နိုင်မှာပါ”လို့ ပြောခဲ့ပါတယ်။
ဇာဗီကတော့ နိုင်ငံတကာပွဲတွေ နားနေတဲ့အချိန်အတွင်းမှာ အသင်းမှာရှိတဲ့ ကစားသမားအချို့နဲ့ လေ့ကျင့်ပြင်ဆင်မှုတွေ လုပ် သွားရမှာလည်း ဖြစ်ပါတယ်။ ဇာဗီဟာ သူ့ရဲ့ ဘာစီလိုနာ အသင်းနည်းပြဘဝ ပထမဆုံးပွဲစဉ်အဖြစ် အက်စ်ပန်ညိုအသင်းနဲ့ ကစားမယ့်ပွဲကို စတင်ကိုင်တွယ်ရမှာဖြစ်ပြီး ဒီပွဲပြီးရင်တော့ ချန်ပီယံလိဂ်ပွဲစဉ်အတွက် အရေးပါတဲ့ ဘင်ဖီကာနဲ့ပွဲကို ကိုင် တွယ် ရမှာလည်း ဖြစ်ပါတယ်။