CNI Sport News

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၉

ရီယိုဖာဒီနန်က ဆိုးလ်ရှားရဲ့ နည်းပြရာထူးနဲ့ ပတ်သက်ပြီး မန်ချက်စတာယူနိုက်တက် အသင်းကို မေးခွန်းထုတ်ခဲ့သလို နည်းပြပြောင်းလဲဖို့ အချိန်တန်နေပြီလို့လည်း ပြောလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့က ရော်နယ်ဒို၊ ဆန်ချိုနဲ့ ဗာရန်းတို့ကို ပေါင်သန်း ၁၃၀ ကျော် သုံးစွဲပြီး ခေါ်ယူခဲ့ပြီးနောက် ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် ယှဉ်ပြိုင်နိုင်မယ်လို့ ထင်မြင်ချက်တွေရှိခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် မန်ချက်စတာယူနိုက်တက် အသင်းဟာ ရလဒ်ပိုင်းတွေ အလွန်ဆိုးရွားနေခဲ့ပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၆ နေရာကို ရောက်ရှိနေခဲ့ပါတယ်။

အခုဆိုရင် မန်ချက်စတာယူနိုက်တက် အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၆ ပွဲမှာ ၄ ပွဲအထိ ရှုံးနိမ့်ထား ခဲ့တာ ပါ။ ဒီရှုံးပွဲတွေထဲက အိမ်ကွင်းမှာ လီဗာပူးလ်နဲ့ မန်စီးတီး အသင်းတို့ကို အရှက်ရဖွယ် ရှုံးနိမ့်ခဲ့တာလည်း ပါဝင်ပါတယ်။

ပုံ-မန်ယူနည်းပြ ဆိုးလ်ရှားကိုတွေ့ရစဉ် (United In Focus)

ဒါကြောင့် နည်းပြရာထူးကနေ ဆိုးလ်ရှား ထုတ်ပယ်ခံရဖို့ ဖိအားတွေ တိုးလာခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ မန်ချက် စတာယူနိုက်တက် အသင်းရဲ့ နည်းပြဖြစ်လာဖို့ ဘရန်ဒန်ရော်ဂျာ၊ အဲရစ်တန်ဟတ်နဲ့ ရန်ဂနစ်တို့က ဖြစ်နိုင်ဖွယ် လူစာရင်းထဲ မှာရှိနေတာဖြစ်ပါတယ်။

ရီယိုဖာဒီနန် အပါအဝင် အသင်းကစားသမားဟောင်းအချို့ကတော့ ရလဒ်တွေဆိုးနေတဲ့တိုင် ဆိုးလ်ရှားကို ထောက်ခံမှုတွေ ပြုလုပ်ခဲ့ကြပေမယ့် ဒီတကြိမ်မှာတော့ အင်္ဂလန်ကစား သမားဟောင်းရဲ့ ရပ်တည်မှုဟာ သိသိသာသာ ပြောင်းလဲသွားခဲ့တာ ဖြစ်ပါတယ်။

ရီယိုဖာဒီနန်က“ကျနော်တို့ဟာ မျှော်လင့်ချက်တွေနဲ့ ဒီရာသီကို စတင်ခဲ့တာပါ။ ကျနော်တို့မှာရှိတဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှု တွေ၊ စိတ်လှုပ်ရှားမှုတွေနဲ့ ကျနော်တို့ အချိန်ရောက်ပြီလို့တောင် ထင်ခဲ့ကြတာပါ။ အခုအချိန်မှာတော့ အမှတ်ပေးဖလားကို စိန်ခေါ်နိုင်မယ်လို့ မထင်ပါဘူး။ အပတ်တိုင်း အသင်းကိုကြည့်ပြီးနည်းဗျုဟာကျကျ ဘာတွေလုပ်ရမလဲလို့ တွေးနေမိတယ်” လို့ သူ့ရဲ့ အမြင်ကို သုံးသပ်သွားပါတယ်။

“ယူနိုက်တက်ရဲ့ ကစားပုံမှာ ဒဿနနဲ့ အထောက်အထားတွေကိုလည်း မတွေ့ရပါဘူး။ ဒါဟာ ဘယ်လိုပဲဖြစ်ဖြစ် စီမံခန့်ခွဲမှု ကြောင့်ဖြစ်ပြီး အသင်းကို ကြည့်ရတာ စိတ်ရှုပ်ထွေးလာခဲ့ပါတယ်။ ကျနော်က အမြဲတမ်း သံသယဝင်နေခဲ့တာပါ။ သူတို့က ချန်ပီယံဖြစ်အောင် လုပ်နိုင်မလားဆိုတာကို အပြည့်အဝ မယုံကြည်ခဲ့ပါဘူး။ သူလုပ်နိုင်မယ်လို့တော့ ထင်ခဲ့မိတယ်။ ဒါပေမယ့် ဒီရာသီမှာ မြင်တွေ့နေရတဲ့ ပုံစံတွေအရ နည်းပြရာထူးကို အခြားလုပ်နိုင်တဲ့သူထံ လွှဲပြောင်းပေးရမယ့် အချိန်ပဲလို့ ထင်မိပါ တယ်။ အခုအချိန်မှာ အိုလီအနေနဲ့ ခေါင်းမော့ပြီး ထွက်ခွာနိုင်တဲ့ အချိန်ပါပဲ”လို့ ပြောခဲ့တာဖြစ်ပါတယ်။