CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃

ပြင်သစ်လက်ရွေးစင်အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမားဖြစ်တဲ့ တိုက်စစ်မှူး ဂီရော့ဒ်က သူဟာ ဗာရန်းနဲ့ ဘန်ဇီမာ တို့လိုမျိုး နိုင်ငံအသင်းကနေ အနားယူမှာ မဟုတ်သေးဘူးလို့ ပြောလိုက်ပါတယ်။

ဂီရော့ဒ်က “ပြင်သစ်ကနေ အနားယူမှာ မဟုတ်သေးပါဘူး။ စိတ်ခံစားမှုတွေနဲ့ လာစရာတွေ ရှိလာဦးမယ်လို့ မျှော်လင့်ပါတယ်။ ကျနော့် နှလုံးသားနဲ့ နီးစပ်တဲ့ အပြာရောင်ဂျာစီကို ချွတ်ဖို့နဲ့ ဖိနပ်တွေကို ချိတ်ထားဖို့ အဆင်သင့် မဖြစ်သေးပါဘူး။ ဆက်သွားဖို့ စိတ်အားထက်သန်မှုရှိပြီး ကောင်းမွန်တယ်လို့ ခံစားရပါတယ်။ လက်ရှိ အချိန်မှာတော့ ကျနော်ဟာ ပြင်သစ် ကစားသမားတစ်ဦးအဖြစ် ရွေးချယ်ခံထားရဆဲပါ”လို့ France 2 ကို ပြောခဲ့ တာပါ။

ဝါရင့်ရှေ့တန်း ကစားသမားဟာ ပြင်သစ်အတွက် ၁၂၀ ပွဲ ကစားထားပြီး စံချိန်တင် ၅၆ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။

ဂီရော့ဒ်ဟာ အသက် ၃၆ နှစ် အရွယ်ရှိပြီ ဖြစ်ပေမယ့် အေစီမီလန် အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ရည် တွေကို ပြသထားပြီး လက်ရွေးစင် အသင်းအတွက်လည်း ဆက်ကစားနိုင်ဖို့ မျှော်လင့်နေတာပါ။

ဘန်ဇီမာနဲ့ ဂီရော့ဒ်ကိုတွေ့ရစဉ်

အာဆင်နယ်နဲ့ ချယ်လ်ဆီးအသင်း တိုက်စစ်မှူးဟောင်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အွန်နရီရဲ့ စံချိန်ကို ချိုးဖျက်ပြီး လက်ရွေးစင်အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။

မကြာသေးခင်က ပြင်သစ်အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ဘန်ဇီမာ၊ လိုရစ်နဲ့ ဗာရန်းတို့ဟာ လက်ရွေး စင် ကစားသမားဘဝက အနားယူခဲ့တာကြောင့် ဂီရော့ဒ်လည်း သူတို့နောက်ကို လိုက်နိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။

ဒါပေမယ့် ဂီရော့ဒ်ကတော့ ဒါကို ငြင်းပယ်ပြီး နိုင်ငံအသင်းအတွက် ဆက်ပြီး ကစားပေးမယ်လို့ ပြောခဲ့တာ ဖြစ်ပါ တယ်။ ဂီရော့ဒ်ဟာ ပြင်သစ်အသင်းနဲ့ ၂၀၁၈ ကမ္ဘာ့ဖလား ရယူထားနိုင်ပြီး ပြီးခဲ့တဲ့ ပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲအထိ တက်နိုင်ခဲ့တာပါ။

ပြင်သစ်အသင်းဟာ လာမယ့် ယူရို ၂၀၂၄ ခြေစစ်ပွဲအဖြစ် နယ်သာလန်၊ အိုင်ယာလန်၊ ဂရိ၊ ဂျီဘရောလ်တာတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး မတ်လ ၂၄ ရက်မှာ နယ်သာလန်၊ ၂၇ ရက်မှာ အိုင်ယာလန်တို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Goal