CNI Sport News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၁

လူတန်အသင်းကို အနိုင်ယူခဲ့ပြီးနောက် မန်စီးတီးအသင်း ကစားသမားတွေအနေနဲ့ သူတို့ကို ဝေဖန်တဲ့သူတွေ မှားကြောင်း သက်သေပြဖို့ နည်းပြ ဂွာဒီယိုလာက တိုက်တွန်းလိုက်ပါတယ်။

ဂွာဒီယိုလာက “ကစားသမားတွေအနေနဲ့ သူတို့ လုပ်နိုင်စွမ်း ရှိတယ်ဆိုတာ ကျနော့်ကို သက်သေပြဖို့ မလိုအပ် ပါဘူး။ ဒီအစုအဖွဲ့ဟာ ထူးခြားပြီး စရိုက်လက္ခာတွေလည်း ရှိပါတယ်။ ဒါပေမယ့် ပြိုင်ဆိုင်မှုတွေနဲ့ တောင်းဆိုမှုမှာ တော့ ဒါကိုထပ်ပြီး သက်သေပြရမှာပါ။ မန်စီးတီး ပြီးဆုံးသွားပြီလို့ ပြောတဲ့သူတွေ မှားကြောင်း သက်သေပြရမှာ ပါ။ ကျနော်တို့အတွက် ဒီလိုရလဒ်တွေက လိုအပ်ပါတယ်”လို့ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ လူတန်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၄ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးတာကို အဆုံးသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ 

လူတန်အသင်းဟာ ဒီပွဲစဉ်ရဲ့ ပထမပိုင်းမှာ အဒီဘာယိုရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပေမယ့် ဒုတိယပိုင်း ၃ မိနစ်အတွင်းမှာ ဘာနာဒိုဆေးလ်ဗားနဲ့ ဂရီလစ်ရှ်တို့က မန်စီးတီးအသင်းအတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းယူ ပေးခဲ့ပါတယ်။

မန်စီးတီး ကစားသမားတွေကို တွေ့ရစဉ်

ဒီပွဲအနိုင်ရခဲ့တာကြောင့် မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် ထိပ်ဆုံးနေရာမှာ ရပ်တည်နေတဲ့ လီဗာပူးလ် အသင်းနဲ့ ၄ မှတ်အကွာ အဆင့် ၄ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

လူတန်အသင်းနဲ့ ပွဲမှာ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့တဲ့ တိုက်စစ်မှူး ဟာလန်းကို လာမယ့် ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင်နိုင်ဖို့ မျှော်လင့်တယ်လို့ ဂွာဒီယိုလာက ပြောခဲ့ပါတယ်။

ဂွာဒီယိုလာက “ဟာလန်း ဘယ်လောက်ကြာကြာ အနားယူရမလဲဆိုတာ ကျနော်တို့ မသိပေမယ့် ကလပ်ကမ္ဘာ့ ဖလားပြိုင်ပွဲမှာ ပြန်လည် ပါဝင်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျနော်တို့ဟာ သူ့ရဲ့ဒဏ်ရာ အခြေအနေကို တစ်ပတ်ပြီးတစ်ပတ်၊ တစ်ရက်ပြီးတစ်ရက် စောင့်ကြည့်မှုတွေ ပြုလုပ်ရမှာဖြစ်ပြီး ဘာဖြစ်မလဲဆိုတာ မြင်တွေ့ရ မှာပါ”လို့ ပြောခဲ့ပါတယ်။

ဆော်ဒီမှာ ကျင်းပမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ဒီဇင်ဘာ ၁၂ ရက်မှာ စတင်မှာဖြစ်ပြီး မန်စီးတီးအသင်းဟာ ဥရောပချန်ပီယံဖြစ်တဲ့အတွက် ဆီမီးဖိုင်နယ်အဆင့်ကနေသာ ယှဉ်ပြိုင်ရမှာပါ။

မန်စီးတီးအသင်းဟာ မက္ကဆီကိုကလပ် လီယွန်အသင်းနဲ့ ဂျပန်ကလပ် အူရာဝါရတ်အသင်းတို့ပွဲစဉ်က အနိုင်ရတဲ့ အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: ESPN