CNI Sport News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၉

ချယ်လ်ဆီးနဲ့ ရီးရယ်လ်အသင်းကစားသမားဟောင်း ဟာဇက်က ဘောလုံးကစားရတာမပျော်ရွှင်တော့သလို ပိုက်ဆံအတွက်တခြားနေရာမှာ သွားကစားလိုခြင်းမရှိတော့တဲ့အတွက် ကစားသမားဘဝက အနားယူခဲ့တာလို့ ပြောလိုက်ပါတယ်။

ဟာဇက်က “ဘောလုံးကစားရတာ မပျော်ရွှင်တော့ဘူးဆိုရင် ရပ်လိုက်မယ်လို့ ကျနော်အမြဲတမ်းပြောခဲ့ဖူးပါတယ်။ ပိုက်ဆံရဖို့အတွက်တခြားနေရာကို သွားပြီးလည်းမကစားချင်တော့ပါဘူး။ ဒါဟာ အကောင်းဆုံးဖြေရှင်းချက် ဖြစ်ခဲ့ပါတယ်။ လေ့ကျင့်ရတာမပျော်ရွှင်တော့တဲ့အတွက် ကစားလည်းမကစားချင်ပါဘူး။ ဒါကရိုးရှင်းတဲ့ ဆုံးဖြတ်ချက်ပါ။ အရာရာကိုရှင်းပြလို့မရပါဘူး” လို့  L'Avenir ကို ပြောခဲ့တာပါ။

အသက် ၃၂ နှစ်အရွယ်ရှိ ဟာဇက်ဟာ ရီးရယ်လ်အသင်းနဲ့ ချုပ်ဆိုထားတဲ့စာချုပ်ကို နှစ်ဦးသဘောတူ တစ်နှစ် စောပြီးဖျက်သိမ်းကာ ပြီးခဲ့ရာသီအကုန်မှာ စပိန်ကလပ်ကနေ ထွက်ခွာခဲ့တာဖြစ်ပါတယ်။ ဟာဇက်ဟာ ရီးရယ်လ် အသင်းက ထွက်ခွာခဲ့ပြီးနောက် နွေရာသီအပြောင်းအရွှေ့မှာ ကမ်းလှမ်းမှုတွေခံခဲ့ရပေမယ့် ကစားသမားဘဝက အနားယူဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဟာဇက်ဟာ ကစားသမားဘဝက အနားယူခဲ့ပြီးနောက် ပရဟိတပွဲတစ်ပွဲမှာ ဝင်ရောက်ကစားခဲ့ပြီး ၁ ဂိုးသွင်းယူကာ ၃ ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့ပါတယ်။

ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့တဲ့ ဟာဇက်ဟာ ရီးရယ်လ်အသင်းမှာ ကစားခဲ့တဲ့ ၄ ရာသီအတွင်း ပွဲပေါင်း ၇၆ ပွဲသာပါဝင်ကစားနိုင်ခဲ့ပြီး ၇ ဂိုးသွင်းယူခဲ့ကာ ပွဲကစားချိန်ထက် ဒဏ်ရာကြောင့် အနားယူခဲ့ရတာက ပိုပြီးများခဲ့တာပါ။ အသက် ၃၂ နှစ်အရွယ်ရှိ ကစားသမားဟာ ရီးရယ်လ်အသင်းနဲ့အတူ လာလီဂါဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ်၊ ဥရောပစူပါဖလားနဲ့ ကိုပါဒယ်ရေးဖလားတို့ကို ၁ ကြိမ်စီရယူနိုင်ခဲ့ပါတယ်။

ဟာဇက်ဟာ ကစားသမားဘဝမှာ ရီးရယ်လ်အသင်းအပြင် ချယ်လ်ဆီးနဲ့ လိုင်လီအသင်းတွေမှာ ကစားခဲ့ပြီး ဒီအသင်းတွေမှာလည်း ဆုဖလားအောင်မြင်မှုတွေရယူနိုင်ခဲ့တာပါ။ ဘယ်လ်ဂျီယံကစားသမားဟောင်းဟာ ချယ်လ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ် နဲ့ ယူရိုပါလိဂ် ၂ ကြိမ်စီ၊ FA ဖလား၊ လိဂ်ဖလားတို့ကိုရယူနိုင်ခဲ့ပြီး လိုင်လီအသင်းနဲ့ လီဂူးဝမ်း၊ ပြင်သစ်ဖလားတို့ကို ရယူနိုင်ခဲ့ပါတယ်။

Source:DailyMail