CNI Sport News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၉

ယူနိုက်တက်အသင်းဟာ ဇန်နဝါရီလမှာ အသင်းကနေ ထွက်ခွာချင်နေတဲ့ တောင်ပံကစားသမား ဆန်ချိုကို အပြီးသတ်ရောင်းချဖို့ စီစဉ်နေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။

ဆန်ချိုဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက အာဆင်နယ်အသင်းနဲ့ ပွဲစဉ်မှာ လူစာရင်းက ချန်လှပ်ခံရပြီးနောက်ပိုင်း အခုအချိန်ထိ ယူနိုက်တက်အသင်းအတွက် ပါဝင်ကစားခွင့် မရတော့ပါဘူး။ 

နည်းပြ အဲရစ်တန်ဟတ်က ဆန်ချိုကို လူစာရင်းက ချန်လှပ်ခဲ့တာဟာ လေ့ကျင့်ရေးကွင်းက စွမ်းဆောင်ရည် ကြောင့်လို့ ပြောခဲ့တာကို အင်္ဂလန်ကစားသမားက ဒေါသထွက်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ ပို့စ်တင်ခဲ့တာကြောင့် သူတို့နှစ်ဦးကြားမှာ ဆက်ဆံရေးတွေ ဆိုးရွားခဲ့တာ ဖြစ်ပါတယ်။

ဆန်ချိုဟာ ဒီအဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး နည်းပြ အဲရစ်တန်ဟတ်ကို တောင်းပန်ဖို့ ငြင်းဆန်ခဲ့တာကြောင့် အသင်းကြီးနဲ ပတ်သက်ခွင့်လုံးဝ ပိတ်ပင်ခြင်းခံထားရပြီး ယူနိုက်တက် အကယ်ဒမီအသင်းတွေနဲ့သာ လေ့ကျင့်မှု တွေ ပြုလုပ်နေခဲ့ရပါတယ်။ 

The Mirror က ယူနိုက်တက်အသင်းဟာ လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ဆန်ချိုကို ရောင်းချဖို့ စီစဉ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ 

ဆန်ချိုကို တွေ့ရစဉ်

ဒါပေမယ့် ယူနိုက်တက်အသင်းဟာ ဆန်ချိုအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ နီးပါးလောက်သာ ရရှိမှာ ဖြစ်လို့ ဒေါ့မွန်အသင်းကနေ ဝယ်ယူခဲ့တုန်းကထက် ဈေးအများကြီး လျှော့ပြီး ရောင်းချရမှာကို လက်ခံရမှာ ဖြစ်ပါတယ်။ 

ဆန်ချိုကတော့ အသင်းဟောင်း ဒေါ့မွန်အသင်းထံပြန်ဖို့ ဦးစားပေး ရွေးချယ်ထားပြီး သူ့ရဲ့အခြေအနေကို ဂျူဗင်တပ်စ်နဲ့ ဘာစီလိုနာအသင်းတို့ကလည်း စောင့်ကြည့်နေပါတယ်။

ဒါပေမယ့် ဂျူဗင်တပ်စ်နဲ့ ဘာစီလိုနာအသင်းတို့ဟာ ဆန်ချိုကို အပြီးသတ်ခေါ်ယူဖို့ထက် အငှားစာချုပ်နဲ့ ခေါ်ယူ ချင်နေတာ ဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ရှက်ဖီးယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ဆန်ချိုအနေနဲ့ အသင်းရဲ့ ပွဲစဉ်ကို အဝေးကနေသာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။

Source: Goal