CNI Sport News

၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၆

ယူနိုက်တက်အသင်း ဘယ်နောက်ခံလူ လုပ်ခ်ရှောဟာ ကြွက်သားဒဏ်ရာကြောင့် ကာလကြာရှည် အနားယူရဖွယ် ရှိနေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။

ယူနိုက်တက်အသင်းဟာ လုပ်ခ်ရှော အနားယူရမယ့် ကာလကို အကဲဖြတ်နေပေမယ့် ရက်သတ္တပတ် ပေါင်းများစွာ အနားယူရမယ်လို့ ထုတ်ပြန်ထားပါတယ်။

လုပ်ခ်ရှောဟာ နည်းပြ အဲရစ်တန်ဟတ်လက်ထက်မှာ အဓိက ကစားသမားအဖြစ် ခြေစွမ်းပြသနေပြီး မနှစ်က ရာသီက ပွဲပေါင်း ၄၇ ပွဲ ပါဝင်ကစားခဲ့သလို အခုရာသီ ပရီးမီးယားလိဂ် ၂ ပွဲစလုံး ပွဲထွက် ကစားသမားအဖြစ် ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းရဲ့ ဘယ်နောက်ခံလူ တစ်ဦးဖြစ်တဲ့ မာလာစီယာကလည်း ဒဏ်ရာကြောင့် အနားယူနေရတဲ့ အတွက် လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ ညာနောက်ခံလူ ဒါလော့ကို ဘယ်နောက်ခံ နေရာမှာထားပြီး အသုံးပြုဖွယ် ရှိနေပါတယ်။

 လုပ်ခ်ရှောကို တွေ့ရစဉ် 

လုပ်ခ်ရှောဟာ ဒဏ်ရာကြောင့် ယူနိုက်တက်အသင်းရဲ့ လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲဖြစ်တဲ့ နော်တင်ဟမ် ဖောရက်စ်၊ အာဆင်နယ် အသင်းတို့နဲ့ ပွဲတွေမှာ ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။

ဒါ့အပြင် လုပ်ခ်ရှောဟာ ယူကရိန်းနဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲ၊ စကော့တလန်နဲ့ ခြေစမ်းပွဲကစားမယ့် အင်္ဂလန်အသင်းရဲ့ ပွဲစဉ်တွေကိုလည်း လွဲချော်သွားပြီ ဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းဟာ လုပ်ခ်ရှောမတိုင်ခင် ကွင်းလယ်ကစားသမား မေဆန်မောင့်နဲ့ တိုက်စစ်မှူးသစ် ဟော့ဂျ်လန်း တို့ကိုလည်း ဒဏ်ရာကြောင့် ဆုံးရှုံးထားရပါတယ်။ 

မေဆန်မောင့်ဟာ စပါးအသင်းနဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ အသေးစား ဒဏ်ရာကြောင့် ၆ ပတ်ကြာအထိ အနားယူရဖွယ် ရှိတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

အတ္တလန်တ္တာ အသင်းကနေ ရောက်ရှိလာတဲ့ တိုက်စစ်မှူး ဟော့ဂျ်လန်းဟာ ယူနိုက်တက်အတွက် တစ်ပွဲမှ ပါဝင် ကစားရခြင်း မရှိသေးဘဲ ဒဏ်ရာကြောင့် အနားယူနေရပြီး နိုင်ငံတကာ ပွဲစဉ်မတိုင်ခင် ပါဝင်ကစားပေးနိုင်ဖို့ မျှော်လင့်နေပါတယ်။ 

ယူနိုက်တက်အသင်းဟာ နွေရာသီ အပြောင်းအရွှေ့ မပိတ်ခင်မှာ ကွင်းလယ် ကစားသမားနဲ့ တိုက်စစ်မှူးတစ်ဦး ခေါ်ယူနိုင်ဖို့ လုပ်ဆောင်နေပါတယ်။

Source: Goal