CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၄

ယူနိုက်တက်အသင်း ကစားသမား ဗာရန်းဟာ ချယ်လ်ဆီး အသင်းနဲ့ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင် ကစားမယ့် ယူနိုက်တက်အသင်းရဲ့ ပွဲစဉ်တွေမှာ ပါဝင်ကစားပေးနိုင်ဖွယ် မရှိဘူးလို့ နိုင်ငံတကာ သတင်းတွေက ဖော်ပြနေကြပါတယ်။

ချယ်လ်ဆီး အသင်းနဲ့ပွဲမှာ ရခဲ့တဲ့ ဒဏ်ရာကို MRI စကန်ဖတ် စစ်ဆေးမှုတွေ ပြုလုပ်အပြီးမှာ ဗာရန်းဟာ တံကောက်ကြောဒဏ်ရာ ရခဲ့တာဖြစ်ပြီး ၃ ပတ်ကနေ ၄ ပတ်အထိ အနားယူရတော့မှာပါ။ ဗာရန်းရဲ့ ဒဏ်ရာ အခြေအနေ မပြင်းထန်တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားချင်တဲ့ သူ့ရဲ့ မျှော်လင့်ချက်တွေကို ထိခိုက် နိုင်ဖွယ် မရှိပါဘူး။

ရီးရယ်လ် နောက်ခံလူဟောင်းဟာ ကြံ့ခိုင်မှုပိုင်းကြောင့် ပြင်သစ်အသင်းရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ အဖွင့်ပွဲမှာတော့ ပါဝင်နိုင်ဖို့ မသေချာဘူးလို့ ပြင်သစ်သတင်းဌာနတွေက ဖော်ပြထားပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် ပြင်သစ်အသင်း လူစာရင်းကို နိုဝင်ဘာလ ၉ ရက်မှာ ထုတ်ပြန်မှာ ဖြစ်ပေမယ့် ပြိုင်ပွဲ ဝင်မယ့် နိုင်ငံတွေဟာ ပထမပွဲ မကစားခင် တစ်ရက်အလိုထိ ဒဏ်ရာရ ကစားသမားတွေ နေရာမှာ အစားထိုး နိုင်ပါတယ်။

ဗာရန်း ဒဏ်ရာကြောင့် ပွဲအတွင်းက ထွက်သွားနေစဉ် (Sport)

ဗာရန်းရဲ့ ဒဏ်ရာ အခြေအနေဟာ ယူနိုက်တက်နဲ့ နည်းပြ အဲရစ်တန်ဟတ် အတွက်တော့ ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်ခဲ့ပါတယ်။ ပြင်သစ်လက်ရွေးစင်ဟာ ဒီရာသီ ယူနိုက်တက်အသင်းရဲ့ ခံစစ်ပိုင်းမှာ မာတီးနတ်စ်နဲ့ အတွဲညီကာ ခြေစွမ်းပြသနေပါတယ်။

ယူနိုက်တက်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင်မှာ ယူရိုပါလိဂ် ၂ ပွဲ၊ ပရီးမီးယားလိဂ် ၃ ပွဲနဲ့ ကာရာဘောင်း ဖလား ၁ ပွဲ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲတွေကို ဗာရန်း ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။ ဗာရန်းဟာ ယူနိုက်တက် အသင်းကို ရောက်ရှိလာကတည်းက ဒဏ်ရာတွေကြောင့် မကြာခဏ ဆိုသလို အနားယူနေရတာပါ။

လက်ရှိအချိန် ယူနိုက်တက်အသင်း ဗဟိုခံစစ်ပိုင်းမှာ လင်ဒီလော့ဖ် ရှိနေသလို အသင်းခေါင်းဆောင် မက်ဂွဲယား ကလည်း ဒဏ်ရာကနေ ပြန်လည် သက်သာလာပြီ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေတဲ့ ယူနိုက်တက်အသင်းဟာ ကြားရက်မှာ ယူရိုပါလိဂ် ပွဲစဉ်အဖြစ် ရှရစ်ဖ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: ESPN