CNI Sport News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၄

အာဆင်နယ်အသင်းတိုက်စစ်မှူး ဂျီးဆပ်စ်က ဆောက်သမ်တန်အသင်းနဲ့ ၁ ဂိုးစီသရေကျပြီးနောက် ခက်ခဲတဲ့ အချိန်တွေရောက်လာပြီလို့ အသင်းဖော်တွေကို သတိပေးလိုက်ပါတယ်။

ဂျီးဆပ်စ်က “ကျနော်တို့ရဲ့ အရည်အသွေးကို သိတာကြောင့် ဒီပွဲရလဒ်ကို ကျနော်လည်းစိတ်ပျက်သလို အသင်း ကလည်း စိတ်ပျက်နေပါတယ်။ဒီပုံစံအတိုင်းသာကစားမယ်ဆိုရင် ကျနော်တို့ အနိုင်ရမယ်ဆိုတာ သိပါတယ်။ ဒီလိဂ်က ခက်ခဲတာကြောင့် ကျနော်တို့ ပြန်လာနိုင်အောင် လုပ်ရပါမယ်။အခုအချိန်က ခက်ခဲတဲ့အချိန် ရောက်လာ ပြီလို့ ထင်ပါတယ်။ဒီလိုအချိန်ရောက်လာတော့ လူတိုင်းသတိထားရပါမယ်။ပိုပြီးတော့လည်း အာရုံစိုက်ရပါမယ်” Premier League Productions ကို ပြောခဲ့တာပါ။

အာဆင်နယ်အသင်းဟာ ဒီပွဲမှာ ရှာခါရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် အမ်းစထရောင်းရဲ့ ချေပဂိုးကြောင့် သရေ ရလဒ်နဲ့ အဆုံးသတ်ခဲ့ရတာဖြစ်ပါတယ်။လန်ဒန်ကလပ်ဟာ ဒီပွဲသရေကျခဲ့ပေမယ့် ဒုတိယနေရာက မန်စီးတီး အသင်းကို ၂ မှတ်ဖြတ်ပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေခဲ့တာပါ။ဂျီးဆပ်စ်ကတော့ သရေ ရလဒ်ကနေ ရလဒ်ကောင်းပြန်ရယူနိုင်အောင် လုပ်ရမယ်လို့ ပြောခဲ့ပါတယ်။

ဂျီးဆပ်စ်က “ကျနော်တို့ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင်မှာ ၆ ပွဲ၊ ၇ ပွဲကစားဖို့ ရှိပါတယ်။အဲဒါကြောင့် ကျနော်တို့ ပြန်လာနိုင်ဖို့လိုပါတယ်။မနက်ဖြန် အနားယူပြီး သန်သန်မာမာနဲ့ ပြန်လာရမှာပါ။တစ်ခါတစ်ရံမှာ ရမှတ်လျော့သွား ပေမယ့် ဒါကို သဘောပေါက်ပြီး ပြန်လည်နိုးထရပါမယ်။အခု ဒါကို ကျနော်တို့ လုပ်ရပါတော့မယ်” လို့ ပြောခဲ့ တာပါ။

ဘရာဇီးလ်တိုက်စစ်မှူး ဂျီးဆပ်စ်ဟာ လက်ရှိအချိန်မှာ အာဆင်နယ်အတွက် ၅ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ဆုံး နေတာကြောင့် ဒီအတွက် အာရုံအပြည့်အဝစိုက်ထားတယ်လို့လည်း ပြောခဲ့ပါတယ်။ဂျီးဆပ်စ်ဟာ အာဆင်နယ် အသင်းအတွက် ဒီရာသီပွဲပေါင်း ၁၄ ပွဲပါဝင်ကစားထားပြီး ၅ ဂိုးသွင်းယူထားတာပါ။

အာဆင်နယ်အသင်းဟာ ကြားရက်မှာ ယူရိုပါလိဂ်ပွဲစဉ်အဖြစ် ပီအက်စ်ဗွီအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပရီးမီးယား လိဂ်ပွဲစဉ်ကတော့ နော်တင်ဟမ်ဖောရတ်စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:Metro