CNI Sport News

၂၀၂၃ ခုနှစ်၊ဩဂုတ် ၃

အာဆင်နယ်အသင်းတိုက်စစ်မှူး ဂျီးဆပ်စ်ဟာ ဒူးခွဲစိတ်မှုကြောင့် အသင်းရဲ့ရာသီအစပွဲစဉ်တွေကို ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ နည်းပြ အာတီတာက ပြောခဲ့ပါတယ်။

အာတီတာက “ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ သူရဲ့ဒူးဟာ အဆင်ပြေမှုမရှိသလို ခံစားခဲ့ရတဲ့ အတွက် ဒါကို ကြည့်ပြီး ကျနော်တို့ ဆုံးဖြတ်ချက်ချခဲ့တာပါ။ 

ကြီးမားတဲ့အရာမဟုတ်ပေမယ့် ရက်သတ္တပတ် အနည်းငယ်တော့ သူအနားယူရမယ်လို့ ထင်ပါတယ်။ သူ့ဆီကနေ အကောင်းဆုံးပုံစံကို ကျနော်တို့ ပြန်ရနေတဲ့ အချိန်မှာ အခုလိုဖြစ်ခဲ့တာက ကြီးမားတဲ့ ထိုးနှက်ချက်ပါပဲ။ အခုအချိန်မှာတော့ ကျနော်တို့ သူ့ကို ဆုံးရှုံးခဲ့ရပြီ”လို့ ပြောခဲ့တာပါ။

ဘရာဇီးလ်လက်ရွေးစင်ကစားသမားဟာ အာဆင်နယ်အသင်းက မိုနာကိုအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရခဲ့တဲ့ အီးမရိတ်စ်ဖလားပွဲမှာ အသင်းအတွက် မပါဝင်နိုင်ခဲ့ပါဘူး။ အာဆင်နယ်အသင်းဟာ လာမယ့် မန်စီးတီးအသင်းနဲ့ ကွန်မြူနတီဒိုင်း၊ နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ပရီးမီးယားလိအဖွင့်ပွဲစဉ်တွေမှာ အဓိက တိုက်စစ်မှူး မပါဝင်ဘဲ ကစားရတော့မှာပါ။ 

အသက် ၂၆ နှစ်အရွယ်ရှိ ဂျီးဆပ်စ်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အတွက် ပါဝင်ကစားရင်း ရရှိခဲ့တဲ့ ဒဏ်ရာကို ဖြေရှင်းဖို့ ဒူးခွဲစိတ်မှုခံယူခဲ့ရသေးတာပါ။ 

အဲဒါကြောင့် ဂျီးဆပ်စ်ဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယား လိဂ် ၁၂ ပွဲကို မပါဝင်နိုင်ခဲ့ဘဲ မတ်လအစကမှ အာဆင်နယ်အသင်းအတွက် ပြန်လည်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။ 

အာဆင်နယ်အသင်းနည်းပြ အာတီတာက ဂျီးဆပ်စ်ရဲ့ ဒူးပြဿနာဟာ နောက်ဆုံးအကြိမ်ပြုလုပ်ခဲ့တဲ့ ဒူးခွဲစိတ်မှုနဲ့ ဆက်စပ်မှုရှိတယ်လို့ ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် နွေရာသီက မန်စီးတီးအသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဂျီးဆပ်စ် ဟာ အာဆင်နယ်အသင်းအတွက် ပွဲဦးထွက်ရာသီမှာ ၃၃ ပွဲပါဝင်ကစားခဲ့ပြီး ၁၁ ဂိုးသွင်းယူကာ ၈ ဂိုးဖန်တီး နိုင်ခဲ့တာပါ။

ဂျီးဆပ်စ်အနားယူရမှာဖြစ်လို့ အာဆင်နယ်အသင်းရဲ့ ရာသီအစပွဲစဉ်တွေမှာ တိုက်စစ်ကို အန်ကိတ်တီယာက ဦးဆောင်လာဖွယ်ရှိနေပါတယ်။ အန်ကိတ်တီယာဟာ ဂျီးဆပ်စ် ဒဏ်ရာကြောင့် အနားယူခဲ့ရတဲ့ ပြီးခဲ့တဲ့ရာသီက ပွဲတွေမှာ ခြေစွမ်းပြသကာ ၉ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

Source:DailyMail