CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၇

စပိန်တင်းနစ်သမား အယ်လ်ကာရတ်ဇ်ဟာ ဝင်ဘယ်လ်ဒန်အိုးပန်းဗိုလ်လုပွဲမှာ နာမည်ကျော်တင်းနစ်သမား ဂျိုကိုဗစ်ကို အနိုင်ရပြီး ချန်ပီယံဆုကို ရရှိသွားခဲ့ပါတယ်။

အသက် ၂၀ အရွယ်ရှိ အယ်လ်ကာရတ်ဇ်ဟာ ဂျိုကိုဗစ်ကို ၁-၆၊ ၇-၆၊ ၆-၁၊ ၃-၆၊ ၆-၄ နဲ့ အနိုင်ရရှိခဲ့တာပါ။ အယ်လ်ကာရတ်ဇ်ဟာ တင်းနစ်ကစားသမားဘဝ ပထမဆုံးဝင်ဘယ်လ်ဒန်အိုးပန်းချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်သလို ဂျိုကိုဗစ်ကို (၈) ကြိမ်မြောက် ဝင်ဘယ်လ်ဒန်အိုးပန်းနဲ့ ၂၄ ကြိမ်မြောက် ဂရမ်းဆလမ်းချန်ပီယံဆု မရရှိ အောင် လုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

အယ်လ်ကာရတ်ဇ်က “ကျနော်တင်းနစ်စပြီးကစားကတည်းက ဂျိုကိုဗစ်ကို အနိုင်ယူတာနဲ့ ဝင်ဘယ်လ်ဒန် ချန်ပီယံ ဆုကို ရယူဖို့က အိပ်မက်မက်ခဲ့တဲ့အရာပါပဲ။ ဒါက ကျနော့်ဘဝရဲ့ အပျော်ရွှင်ဆုံးအခိုက်အတန့်ပါပဲ။ ဒါက အချိန် အကြာကြီး ပြောင်းလဲသွားမှာမဟုတ်ဘူးလို့ ထင်ကြောင်း” ပြောခဲ့တာပါ။

ပြီးခဲ့တဲ့နှစ်က အမေရိကန်အိုးပန်းပြိုင်ပွဲမှာ ချန်ပီယံဆုရယူနိုင်ခဲ့တဲ့ အယ်လ်ကာရတ်ဇ်ဟာ ဂျိုကိုဗစ်၊ ဖက်ဒဲရားနဲ့ နာဒယ်လ်တို့နောက်ပိုင်း အမျိုးသားပြိုင်ပွဲမှာ အောင်မြင်မှုအများဆုံးရယူနိုင်တဲ့သူဖြစ်လာမယ်လို့ သုံးသပ်ခြင်း ခံထားရပါတယ်။ အယ်လ်ကာရတ်ဇ်ဟာ ဒီနိုင်ပွဲကြောင့် ကမ္ဘာ့အဆင့် ၁ နေရာမှာ ပြန်လည်ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အယ်လ်ကာရတ်ဇ်က “ဒါက ကျနော့်အတွက် အိပ်မက်တစ်ခုအမှန်တကယ်ဖြစ်လာသလို၊ ဝင်ဘယ်လ်ဒန် ချန်ပီယံဖြစ်ဖို့က တကယ်လိုချင်ခဲ့တဲ့အရာပါ။ ကျနော် အခုမြက်ခင်းပြင်ကို ချစ်မိတယ်လို့ ခံစားနေရပါတယ်။ ကျနော်မြက်ခင်းပြင်မှာ ပြိုင်ပွဲ ၄ ခုပဲ ကစားခဲ့ဖူးပြီး Queen’s ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့ပါတယ်။ အချိန်တိုအတွင်း ဒီလိုမျိုးအဆင့်အတန်းမှာ ကစားနိုင်ဖို့ကို မမျှော်လင့်ခဲ့ပါဘူး” လို့ ပြောခဲ့ပါတယ်။

အသက် ၂၀ အရွယ်ရှိ အယ်လ်ကာရတ်ဇ်ဟာ တစ်ဦးချင်းအဆင့်ပြိုင်ပွဲမှာ ဂရမ်းဆလမ်းချန်ပီယံဆု ၂ ကြိမ် အပါ အဝင် ဆုဖလားပေါင်း ၁၂ ခု ရယူထားတယ်လို့ သိရပါတယ်။ 

Source:BBC