CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၇

မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းဟာ အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီကို အသင်းရဲ့ ကစားသမားသစ်အဖြစ်  DRV PNK အားကစားကွင်းကြီးထဲမှာ တရားဝင် မိတ်ဆက်သွားခဲ့ပါတယ်။

လေပြင်းတိုက်ခတ်ပြီး မိုးရွာခဲ့တာကြောင့် ပွဲကိုကျင်းပဖို့ နှောင့်နှေးခဲ့ရပေမယ့် ပရိသတ်တွေဟာ အားကစားကွင်း အပြည့် ဝင်ရောက်ပြီး မက်ဆီရဲ့ မိတ်ဆက်ပွဲကို ကြည့်ရှုခဲ့ပါတယ်။ 

အင်တာမိုင်ယာမီ အသင်းဟာ ဘောလွန်းဒီအော ၇ ကြိမ်ရ ကစားသမားရဲ့ မိတ်ဆက်ပွဲကို အကြီးအကျယ် ပြုလုပ် ခဲ့ပြီး ဖျော်ဖြေမှုတွေပါ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။

အဲဒါကြောင့် မက်ဆီဟာ မေဂျာလိဂ် သမိုင်းတစ်လျှောက် အကြီးမားဆုံး ခေါ်ယူမှုအဖြစ် ဖော်ပြခံခဲ့ရတာပါ။

မက်ဆီက “ကျနော့်မိသားစုနဲ့အတူ ဒီမြို့ကို လာဖို့ရွေးချယ်ရတာကို အလွန်ပျော်ရွှင်ပါတယ်။ ကောင်းမွန်တဲ့ အရာ တွေကို ဖြတ်သန်းရမှာ ဖြစ်သလို ကြီးကျယ်တဲ့ အရာတွေလည်း ဖြစ်ပေါ်လာမှာပါ။ ဒီနေ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ လေ့ကျင့်ဖို့နဲ့ ပြိုင်ပွဲဝင်ဖို့အတွက် ကျနော် မစောင့်ဆိုင်း နိုင်တော့ပါဘူး။ ဆုဖလား အောင်မြင် မှုတွေ ရယူချင်ပြီး အင်တာမိုင်ယာမီကိုလည်း တိုးတက်မှုတွေရအောင် ကူညီပေးချင်ပါတယ်”လို့ ပရိသတ်တွေကို ပြောခဲ့ပါတယ်။

မက်ဆီကို မိတ်ဆက်ပွဲလုပ်နေစဉ်

ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် ထွက်ခွာလာခဲ့တဲ့ မက်ဆီဟာ အင်တာမိုင်ယာမီ အသင်းနဲ့ ၂၀၂၅ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး ဇူလိုင် ၂၁ ရက်မှာ ကစားမယ့် ခရုဇ်အဇူလ်နဲ့ လိဂ်ဖလားပွဲမှာ ပွဲဦးထွက် အဖြစ် စတင် ပါဝင်တော့မှာ ဖြစ်ပါတယ်။

အင်တာမိုင်ယာမီအသင်း ပူးတွဲပိုင်ရှင် ဒေးဗစ်ဘက်ခမ်းက မက်ဆီရဲ့ ကစားသမားဘဝ နောက်ထပ် အဆင့်အတွက် သူတို့အသင်းကို ရွေးချယ်ခဲ့တဲ့အပေါ် အလွန်ဂုဏ်ယူတယ်လို့ ပြောခဲ့တာပါ။

ဒေးဗစ်ဘက်ခမ်းက “လွန်ခဲ့တဲ့ ၁၀ နှစ်က မေဂျာလိဂ်မှာ အသင်းသစ်ကို တည်ဆောက်ဖို့ ကျနော်ခရီးစဉ် စတင်ခဲ့ တာပါ။ ဖလော်ရီဒါနဲ့ မိုင်ယာမီမြို့ကြီးမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေကို ခေါ်ဆောင်နိုင်ဖို့ အိပ်မက်ကို အမြဲတမ်း ပြောခဲ့ပါတယ်။ ဒီနေ့တော့ အလွန်စိတ်လှုပ်ရှားနေပြီး မက်ဆီကို အင်တာမိုင်ယာမီအသင်းမှာ ကြိုဆိုဖို့ က တကယ့်အိပ်မက်ပါပဲ။ ကျနော်တို့အသင်းကို ရွေးချယ်ခဲ့တဲ့အတွက်လည်း အလွန်ဂုဏ်ယူမိပါတယ်”လို့ ပြောခဲ့ ပါတယ်။

အင်တာမိုင်ယာမီ အသင်းဟာ ဘာစီလိုနာ ကစားသမားဟောင်း ဘတ်စ်ကွက်ကိုလည်း ကစားသမားသစ်အဖြစ် မိတ်ဆက်ခဲ့ပြီး ၂၀၂၅ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ 

Source: CNA/Daily Mail