CNI Sport News

၂၀၂၃ ခုနှစ်၊ မေလ ၂

နိုင်ငံတကာခရီးသွားတွေအနေနဲ့ ကိုဗစ်ကာကွယ်ဆေးထိုးဖို့ မလိုအပ်တော့ဘူးလို့ အမေရိကန်ပြည်ထောင်စုက အတည်ပြုခဲ့ပြီးနောက် ကမ္ဘာ့နံပတ် ၁ တင်းနစ်ကစားသမား ဂျိုကိုဗစ်ဟာ အမေရိကန်အိုးပန်းပြိုင်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ခွင့်ရရှိသွားခဲ့ပါတယ်။

ဂရမ်းဆလမ်းဆုကို ၂၂ ကြိမ်ရရှိထားတဲ့ ဂျိုကိုဗစ်ဟာ ကာကွယ်ဆေးမထိုးတဲ့အတွက် ပြီးခဲ့တဲ့နှစ်က အမေရိကန် အိုးပန်းပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်မရခဲ့ပါဘူး။သူဟာ ပြီးခဲ့တဲ့ မာစတာပွဲ ၂ ပွဲဖြစ်တဲ့ အင်ဒီးယန်းဝဲလ်စ်နဲ့ မိုင်ယာမီ ပြိုင်ပွဲတို့ကိုလည်း ယှဉ်ပြိုင်ခွင့်မရခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် အမေရိကန်က မေလ ၁၂ ရက်မှာ သူတို့ရဲ့ မူဝါဒကို ပြောင်းလဲမှာဖြစ်လို့ ဂျိုကိုဗစ်ဟာ အမေရိကန်မှာ ကျင်းပမယ့် ပြိုင်ပွဲတွေမှာ ပြန်လည်ယှဉ်ပြိုင်ခွင့်ရသွားခဲ့တာပါ။

“ကိုဗစ်ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေပြီးဆုံးတဲ့နေ့ မေလ ၁၁ ရက် ကုန်ဆုံးချိန်မှာ ဗဟိုအစိုးရ ဝန်ထမ်းတွေ၊ ဗဟိုအစိုးရကန်ထရိုက်တာတွေနဲ့ နိုင်ငံတကာလေကြောင်းခရီးသည်တွေအတွက် ကိုဗစ်ကာကွယ် ဆေးနဲ့ ပတ်သက်တဲ့လိုအပ်ချက်တွေကို ရပ်ဆိုင်းတော့မယ်လို့ ကြေညာကြောင်း” အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။

ဆားဘီးယားတင်းနစ်သမားဟာ ပြီးခဲ့တဲ့လတွေက ပြိုင်ပွဲယှဉ်ပြိုင်ချင်တာကြောင့် အမေရိကန်နိုင်ငံအတွင်း ဝင်ရောက်နိုင်ဖို့အတွက် အထူးခွင့်ပြုချက်လျှောက်ထားခဲ့ပေမယ့် ခွင့်မပြုတဲ့အတွက် မတ်လက အင်ဒီးယန်းဝဲလ်စ် ပြိုင်ပွဲကနေ နုတ်ထွက်ခဲ့ရတာပါ။ဂျိုကိုဗစ်ဟာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလကလည်း ကိုဗစ်ကာကွယ်ဆေးမထိုးလို့ သြစတြေးလျကနေ ပြည်နှင်ဒဏ်ပေးခံခဲ့ရပေမယ့် တစ်နှစ်အကြာ အခုနှစ် ဇန်နဝါရီမှာတော့ ပြန်လည်ယှဉ်ပြိုင်ခွင့် ရခဲ့ကာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဂျိုကိုဗစ်ဟာ လက်ရှိကျင်းပနေတဲ့ မက်ဒရစ်အိုးပန်းပြိုင်ပွဲမှာ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ပေမယ့် အခုလကုန်ပိုင်း မှာ ကျင်းပမယ့် ပြင်သစ်အိုးပန်းပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ရှိနေပြီး ဂရမ်းဆလမ်းချန်ပီယံဆုကို စံချိန်တင် ၂၃ ကြိမ်မြောက်ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

Source:BBC