CNI Sport News

၂၀၂၃ ခုနှစ်၊ မေလ ၂

မြန်မာအမျိုးသမီးအသင်းကို ကိုင်တွယ်ချိန် နည်းပါးခဲ့ပေမယ့် အသင်းကို အချက် ၂ ချက် ပြင်ဆင်ခဲ့တယ်လို့ နည်းပြချုပ်သစ် ယူကီတက်ဆူရိုက ဆီးဂိမ်းစ်အမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စု A ရဲ့ ပွဲကြို သတင်းစာ ရှင်းလင်း ပွဲမှာ ပြောခဲ့ပါတယ်။

ယူကီတက်ဆူရိုက “မြန်မာအသင်းကို နည်းပြချုပ် အသစ်အနေနဲ့ ကိုင်တွယ်ချိန်က နည်းပါးခဲ့ပါတယ်။ ဒီကာလ ထဲမှာ ကစားသမားတွေ၊ အုပ်ချုပ်မှု အဖွဲ့တွေအနေနဲ့ အကောင်းဆုံး ပူးပေါင်းကြိုးစားခဲ့ကြပါတယ်။ တကယ်ကို ပြိုင်ဆိုင်မှု ပြင်းထန်မယ့် အုပ်စုမှာ ကျရောက်နေတာဖြစ်လို့ ကျနော်တို့ တက်စွမ်းသလောက် အကောင်းဆုံး ယှဉ်ပြိုင် ကြိုးစားသွားပါမယ်။ ကျနော့်အနေနဲ့ အသင်းကို အချက် ၂ ချက် ပြင်ဆင်ခဲ့ပါတယ်။ အသင်းသားတွေ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပြန်ရလာဖို့နဲ့ ကျနော်တို့ အသင်းရဲ့ အားသာချက်တွေကို ကောင်းကောင်း အသုံးချနိုင် ဖို့ပါ။ အကောင်းဆုံး ယှဉ်ပြိုင်ကြိုးစားသွားပါမယ်”လို့ မီဒီယာတွေရဲ့ မေးမြန်းမှုကို ဖြေခဲ့တာပါ။

မြန်မာအမျိုးသမီး အသင်းဟာ ပြီးခဲ့တဲ့ အိုလံပစ်ခြေစစ်ပွဲမှာ အီရန်အသင်းကို အရေးနိမ့်ပြီး ထွက်ခွာခဲ့ရလို့ နည်းပြ ချုပ် ဒေါ်သက်သက်ဝင်း နေရာမှာ ဂျပန်လူမျိုးနည်းပြ ယူကီတက်ဆူရိုကို နည်းပြချုပ်သစ်အဖြစ် ခန့်အပ်ခဲ့တာပါ။

ဒေါ်သက်သက်ဝင်းကတော့ ဆီးဂိမ်းစ်ပြိုင်ပွဲဝင်မယ့် မြန်မာအမျိုးသမီးအသင်းရဲ့ လက်ထောက်နည်းပြအဖြစ် ဒေါ်စန်းစန်းမော်၊ ဦးစထက်နိုင်ဝင်းတို့နဲ့အတူ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ယူကီတက်ဆူရို သတင်းစာ ရှင်းလင်းပွဲလုပ်နေစဉ်

ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ဆီးဂိမ်းစ်ပြိုင်ပွဲမှာ မြန်မာအမျိုးသမီး အသင်းဟာ အုပ်စု A မှာ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှားတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေခဲ့တာ ဖြစ်ပါတယ်။

အစောပိုင်းတုန်းက ဒီအုပ်စုမှာ အင်ဒိုနီးရှားအသင်း ပါဝင်ခဲ့ပေမယ့် အင်ဒိုနီးရှားအသင်းက နှုတ်ထွက် သွားခဲ့တာပါ။

မြန်မာအသင်းဟာ အုပ်စုအဖွင့် ပွဲစဉ်အဖြစ် မေလ ၃ ရက် ည ၇ နာရီခွဲမှာ ဖိလစ်ပိုင်၊ မေလ ၆ ရက် နေ့လယ် ၃ နာရီခွဲမှာ ဗီယက်နမ်၊ မေလ ၉ ရက် နေ့လယ် ၃ နာရီခွဲမှာ မလေးရှားအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

မြန်မာအမျိုးသမီး အသင်းဟာ ပြီးခဲ့တဲ့ ဗီယက်နမ် ဆီးဂိမ်းစ်ပြိုင်ပွဲမှာ အုပ်စုကနေ နောက်တစ်ဆင့် တက်နိုင်ခဲ့ ပေမယ့် စတုတ္တနဲ့သာ ကျေနပ်ခဲ့ရတာပါ။

မြန်မာအမျိုးသမီး အသင်းဟာ ပြီးခဲ့တဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲတွေမှာ အမြင့်ဆုံး အောင်မြင်မှုအဖြစ် ဒုတိယသာ ရရှိခဲ့တာ ဖြစ်ပါတယ်။