CNI Sport News

၂၀၂၃ ခုနှစ်၊ မတ်လ ၁

ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းအတွက် နောက်ဆုံးကစားခဲ့တဲ့ ၄ ပွဲမှာ ၈ ဂိုးအထိသွင်းယူပြီးနောက် ဖေဖော်ဝါရီလအတွက် ဆော်ဒီပရိုလိဂ်ရဲ့တစ်လတာအကောင်းဆုံးကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ဇန်နဝါရီလအတွင်းက ကစားခဲ့တဲ့ပွဲတွေမှာ အယ်လ်နာဆာအသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိလို့ ဝေဖန်မှုတချို့ခံခဲ့ရပေမယ့် ဖေဖော်ဝါရီလအတွင်း ကစားခဲ့တဲ့ပွဲတွေမှာတော့ သူ့ရဲ့အကောင်းဆုံးပုံစံကို ပြသ သွားနိုင်ခဲ့တာပါ။ပေါ်တူဂီကစားသမားဟာ ပြီးခဲ့တဲ့လအတွင်း ကစားခဲ့တဲ့ ၄ ပွဲမှာ ၈ ဂိုးအထိသွင်းယူပြီး ဂိုးဖန်တီးမှု ၂ ကြိမ်ရှိခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် ဆော်ဒီပရိုလိဂ်ရဲ့တစ်လတာအကောင်းဆုံးကစားသမားဆုကို ပထမဆုံးအကြိမ် ရယူနိုင်ခဲ့တာပါ။

အသက် ၃၈ နှစ်အရွယ်ရှိ ကစားသမားဟာ အယ်လ်ဖာတက်အသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ အယ်လ်နာဆာ အသင်းအတွက် ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့ပြီး အယ်လ်ဝါဒါအသင်းကို ၄ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာ ၄ ဂိုး စလုံး သွင်းယူကာ စူပါဟတ်ထရစ်ကို ရယူခဲ့တာဖြစ်ပါတယ်။ဒီပွဲမှာ သွင်းယူခဲ့တဲ့ဂိုးကြောင့် ရော်နယ်ဒိုဟာ လိဂ်သွင်းဂိုး ၅၀၀ ပြည့်မြောက်သွားခဲ့တာပါ။အယ်လ်တာဝေါင်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာတော့ ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်း သွင်းယူခဲ့တဲ့ ၂ ဂိုးစလုံးကို ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က ဒါမတ်အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ရော်နယ်ဒိုဟာ ၃ ဂိုးစလုံးသွင်းပြီး ဟတ်ထရစ်ရယူနိုင်ခဲ့တာပါ။ရော်နယ်ဒိုဟာ ဇန်နဝါရီလမှ အယ်လ်နာဆာအသင်းအတွက် စတင်ပွဲဦးထွက်ခဲ့ ပေမယ့် လက်ရှိဆော်ဒီပရိုလိဂ်ရဲ့သွင်းဂိုးအများဆုံးစာရင်းမှာ ၈ ဂိုးနဲ့ နံပတ် ၄ နေရာမှာရပ်တည်နေပြီး အသင်းဖော် တယ်လီစကာက ၁၃ ဂိုးနဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ဒါ့အပြင် ရော်နယ်ဒိုဟာ အခုနှစ်ရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ဟတ်ထရစ် ၂ ကြိမ်ရယူထားပြီး အကြိမ်အရေအတွက်အများဆုံး ရယူထားတာပါ။

အယ်လ်နာဆာအသင်းဟာ ဆော်ဒီပရိုလိဂ်ပွဲစဉ် ၁၈ ပွဲကစားအပြီးမှာ ရမှတ် ၄၃ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ဒုတိယနေရာက အယ်လ်အစ်တီဟတ်အသင်းကို ၂ မှတ်အသာရနေတာ ဖြစ်ပါတယ်။

အယ်လ်နာဆာအသင်းဟာ သောကြာနေ့မှာ လိဂ်ပွဲစဉ်အဖြစ် အယ်လ်ဘာတင်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:Goal