CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၇

ယူနိုက်တက်အသင်းဟာ သူ့ကို မှားယွင်းတဲ့ ကတိတွေပေးခဲ့တယ်လို့ အိုးထရက်ဖို့ဒ် နောက်ဆုံးရာသီနဲ့ ပတ်သက်ပြီး လင်ဂတ်က ပြောလိုက်ပါတယ်။

လင်ဂတ်က “ပြဿနာက ဘာလဲဆိုတာ ကျနော်မသိပါဘူး။ ဒီနေ့အထိလည်း အဖြေမရခဲ့ပေမယ့် ကျနော် မမေးခဲ့ ပါဘူး။ သူတို့ဟာ မှားယွင်းတဲ့ ကတိတွေကို ပေးခဲ့ပါတယ်။ ကျနော် လေ့ကျင့်မှုတွေကို ပြင်းပြင်းထန်ထန် လုပ်ခဲ့ သလို ကစားဖို့လည်း အဆင်သင့် ဖြစ်နေခဲ့တာပါ။ လေ့ကျင့်ရေးကွင်းမှာ ဘယ်လောက်ပဲ ကြိုးစားကြိုးစား အဆုံး သတ်မှာ မကစားရရင်တော့ အလွန်စိတ်ပျက်ဖို့ ကောင်းပါတယ်။ ဒါတွေကို တကယ်မရတဲ့အတွက် အခွင့်အရေး ကတော့ နှုတ်ဆက် စကားပြောရတာပါပဲ”လို့ တယ်လီဂရပ်ကို ပြောခဲ့တာပါ။

လင်ဂတ်ဟာ ပြီးခဲ့တဲ့ရာသီ မတိုင်ခင် ဝက်စ်ဟမ်းအသင်းမှာ အငှားသွားကစားချိန် ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် ယူနိုက်တက်အသင်းက သူ့ကို ပြန်လည် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် လင်ဂတ်ဟာ ဆိုးလ်ရှား လက်ထက်မှာရော ရက်ဂ်နစ် ကိုင်တွယ်တဲ့ အချိန်မှာပါ ပွဲကစားခွင့် ဆုံးရှုံးခဲ့ ရတာပါ။ အင်္ဂလန်ကစားသမားဟာ ယူနိုက်တက်အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီး မထွက်ခွာခင် အချိန်အထိ ၄ ပွဲသာ ပွဲထွက်ခွင့် ရခဲ့တာ ဖြစ်ပါတယ်။

လင်ဂတ်နဲ့ နည်းပြ ဖြစ်ခဲ့သူ ရက်ဂ်နစ်ကိုတွေ့ရစဉ် (BenchWarmers)

လင်ဂတ်ဟာ ယူနိုက်တက် အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တာဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာ အသင်းကြီးအတွက် စတင်ကစားခွင့် ရခဲ့တာဖြစ်ပါတယ်။ ပွဲပေါင်း ၂၃၂ ပွဲ ပါဝင်ကစားခဲ့ကာ ၃၅ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းနဲ့အတူ လင်ဂတ်ဟာ ယူရိုပါလိဂ်၊ အက်ဖ်အေဖလား၊ ကာရာဘောင်းဖလားနဲ့ ကွန်မြူနတီဒိုင်း တို့ကို ရယူနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အသင်းမှာ ပွဲကစားခွင့် အနည်းငယ်သာ ရရှိခဲ့လို့ လင်ဂတ် ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်လူစာရင်းမှာ ရွေးချယ်ခြင်း မခံခဲ့ရပါဘူး။

အသက် ၃၀ အရွယ်ရှိ လင်ဂတ်ဟာ ပြီးခဲ့တဲ့နွေရာသီက ပရီးမီးယားလိဂ်ကို တန်းတက်လာတဲ့ နော်တင်ဟမ် ဖောရက်စ်အသင်းကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

လင်ဂတ်ဟာ နော်တင်ဟမ်ဖောရက်စ် အသင်းအတွက် ၁၅ ပွဲ ပါဝင်ကစားထားပြီး ၂ ဂိုး သွင်းယူထားပါတယ်။

Source: Goal