CNI News
၂၀၂၁ ခုနှစ်၊ သြဂုတ် ၂၄


ကိုဗစ်-၁၉ တတိယလှိုင်း ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေး ကြိုးပမ်းနေသည့် မြန်မာနိုင်ငံသို့ တရုတ်အစိုးရက အောက်ဆီဂျင်စက်(Oxygen Concentrator)၁၄၀ လုံးကို ယနေ့ (သြဂုတ် ၂၄ ရက်)နေ့က လွှဲပြောင်းပေးခဲ့ ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားသည်။


အဆိုပါ လွှဲပြောင်းပေးအပ်ခြင်းကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr.Chen Hai နှင့် မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းတို့က Video စနစ်ဖြင့် လွှဲပြောင်းပေး အပ်သည့်စာလွှာကို လက်မှတ်ရေးထိုးခဲ့ကြသည်။


တရုတ်သံအမတ်ကြီး Mr.Chen Hai က တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့ အကူအညီပေးအပ်သည့် နောက် ထပ် အောက်ဆီဂျင်စက် အလုံးရေ ၁၀၀၀ လည်း သြဂုတ် ၂၁ ရက်နေ့က ဝမ်တိန်နယ်စပ်ဂိတ်သို့ ရောက်ရှိခဲ့ပြီး မကြာမီမှာ မြန်မာနိုင်ငံသို့ ပို့ဆောင်ရောက်ရှိမည်ဖြစ်ကြောင်း ဆိုသည်။

ပုံ-မြန်မာကို လှူဒါန်းသည့် အောက်ဆီဂျင်စက် ၁၄၀ လုံး သယ်လာသည့် လေယာဉ်ကိုတွေ့ရစဉ်(တရုတ်သံရုံး)

၎င်းက “ မြန်မာနိုင်ငံမှ ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်း ခုခံတိုက်ဖျက်နေသော အရေးကြီးကာလတွင် တရုတ်နိုင်ငံမှ ကူညီထောက်ပံ့ပေးသော အောက်ဆီဂျင်စက်များက မြန်မာနိုင်ငံ ကပ်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးနှင့် ပြည်သူများ၏ ကျန်းမာရေးအတွက် တက်ကြွသော အခန်းကဏ္ဍမှ ပါဝင်နိုင်လိမ့်မည်ဟု မျှော်လင့် ပါတယ်”ဟု ပြော သည်။


ထို့နောက် မြန်မာနိုင်ငံသို့ ကာကွယ်ဆေး အလုံးရေ ၅.၆ သန်း ထောက်ပံ့ပေးခဲ့ပြီး ယင်းအနက် ကာကွယ်ဆေး အလုံးရေ ၂.၉ သန်းသည် အကြွင်းမဲ့ လှူဒါန်းပေးအပ်ခြင်း ဖြစ် ကြောင်း၊ နောက်ထပ် ကာကွယ်ဆေး အလုံးရေ ၃ သန်းကိုလည်း မကြာမီ ရက်ပိုင်းတွင် လွှဲပြောင်းပေးအပ်မည်ဖြစ်ကြောင်း၊ ယူနန်ပြည်နယ် တရုတ်-မြန်မာ အထူးလမ်းကြောင်းမှ အောက်ဆီဂျင်အရည် စသည့် ပစ္စည်းများ အဆင်ပြေချောမွေ့စွာ အတားအဆီးမရှိ မြန်မာ နိုင်ငံသို့ ရောက်ရှိရေးအတွက် အာမခံချက်ပေးပြီး မြန်မာနိုင်ငံသို့ ကူညီ၍ ကပ်ရောဂါတိုက်ဖျက်ရေး၏ အသက် လမ်းကြောင်းကို ထိန်းသိမ်းစောင့်ရှောက် ပေးနေကြောင်း တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။


ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက တရုတ်နိုင်ငံမှ ယခုအကြိမ် မြန်မာ နိုင်ငံသို့ အောက်ဆီဂျင်စက် ၁၄၀ လုံး လှူဒါန်းပေးအပ်ပြီး မကြာမီတွင် အောက်ဆီဂျင်စက် ၁၀၀၀ လုံး နောက် ထပ် လှူဒါန်းမည်ကို ကျေးဇူးတင်ရှိကြောင်း၊ ကပ်ရောဂါဖြစ်ပွားလာကတည်းက တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ ဆေးကုသရေးစက်ပစ္စည်း၊ ဆေးဝါး၊ ကုန်ပစ္စည်း စသည့် ကပ်ရောဂါတိုက်ဖျက်ရေးကူညီမှုများ အများအပြား ပေးအပ်ခဲ့ကြောင်းဆိုသည်။

ပုံ-မြန်မာကို လှူဒါန်းသည့် အောက်ဆီဂျင်စက် ၁၄၀ လုံးကိုတွေ့ရစဉ်(တရုတ်သံရုံး)


ဒေါက်တာသက်ခိုင်ဝင်းက “နေပြည်တော်တွင် ကူးစက်ရောဂါ ကာကွယ်ကုသမှု စွမ်းရည်မြှင့်တင်ပေးသည့် အပြင် မြန်မာနိုင်ငံနယ်စပ်ဒေသ ကပ်ရောဂါတိုက်ဖျက်ရေး လုပ်ငန်းအတွက်လည်း အင်တိုက်အားတိုက် ထောက်ပံ့ပေးခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ ကူညီမှုသည် နှစ်နိုင်ငံ၏ နက်ရှိုင်းလှသော ဆွေမျိုးပေါက်ဖော် သံယောဇဉ်ကို ပေါ်လွင်စေပြီး မြန်မာ နိုင်ငံ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အများပြည်သူ ကျန်းမာရေး အာမခံမှုအတွက် ကြီးမားသည့် အကူအညီပေးအပ်ခဲ့တယ်”ဟု ဆိုသည်။


ထို့နောက် မြန်မာနိုင်ငံ ကပ်ရောဂါ တတိယလှိုင်း ကာကွယ်ထိန်းချုပ်မှုတွင် အတိုင်းအတာ တစ်ခုအထိ တိုးတက်မှု ရရှိပြီးဖြစ်ကာ ယခုနှစ်ကုန်၌ ပြည်သူလူထု ၅၀ ရာခိုင်နှုန်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီး ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ဆိုသည်။


သံအမတ်ကြီး Mr. Chen Hai က “မြန်မာနိုင်ငံ နယ်ပယ်အသီးသီး၏ အတူတကွကြိုးပမ်းမှုကြောင့် လက်ရှိ မြန်မာနိုင်ငံ၏ ကပ်ရောဂါကာကွယ်ထိန်းချုပ်မှုသည် အကျိုးထိရောက်မှု ရှိလာသည်ကို မြင်တွေ့ရကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ မြန်မာနိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ဆက်လက် အကူအညီပေး အပ်မည် ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံ၏ ကြိုးပမ်းမှုနှင့် တရုတ်နိုင်ငံ စသည့် ချစ်ကြည်ရင်းနှီးသောနိုင်ငံများ၏ အကူအညီများဖြင့် မြန်မာနိုင်ငံမှ ကပ်ရောဂါကို ဆောလျင်စွာ သေချာပေါက် အနိုင်ယူနိုင်မယ်လို့ ယုံ ကြည်တယ်”ဟု ပြောသည်။


လက်ရှိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ တတိယလှိုင်း ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ပြည်သူလူထု စုစုပေါင်း ၄ သန်းကျော် ထိုးနှံပေးထားပြီး ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။