CNI International News

တိုင်ပေ၊ဩဂုတ် ၂၅

ထိုင်ဝမ်အစိုးရသည် ပြည်တွင်းဖြစ်တီထွင်ထုတ်လုပ်ထားသော ကိုဗစ်ကာကွယ်ဆေးကို အများပြည်သူထိုးနှံနိုင်ရေး ဖြန့်ဖြူးပေးခဲ့ပြီး သမ္မတ ဆိုင်အင်းဝမ် ကိုယ်တိုင် မြို့တော်တိုင်ပေရှိ ဆေးရုံတွင် ၎င်းအတွက် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယုံကြည်စိတ်ချစွာ ခံယူခဲ့ကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနက ဖော်ပြသည်။

မီဒီဂျန်ကာကွယ်ဆေးဘိုင်အိုလော့ဂျစ်ကော်ပိုရေးရှင်း (Medigen Vaccine Biologics Corp) မှ ထုတ်လုပ်သည့် အဆိုပါကာကွယ်ဆေးသည် ဖြတ်လမ်းနည်းသုံး၍ အမြန်ဖော်စပ်ထားခြင်းဖြစ်ပြီး ပြီးခဲ့သည့်ဇူလိုင်လ၌ အာဏာပိုင် များက ထောက်ခံချက်ပေးခဲ့သဖြင့် ထိုင်ဝမ်ဆေးသိပ္ပံအသိုင်းအဝိုင်းက အပြင်းအထန် ကန့်ကွက်ဆန့်ကျင် ခဲ့ကြသည်။

ထိုင်ဝမ်တွင် လက်ရှိသုံးစွဲနေဆဲ အဓိကကာကွယ်ဆေးဖြစ်သော မိုဒါနာ (Moderna)(သို့မဟုတ်)အက်ထရာ ဇီနီကာ(AstraZeneca)ကာကွယ်ဆေးများကိုလည်း ဝယ်ယူဖြည့်တင်းပေးခဲ့သော သမ္မတ ဆိုင်အင်းဝမ်သည် ပြည်တွင်းဖြစ် မီဒီဂျန်ကာကွယ်ဆေးကို ဩဂုတ် ၂၃ ရက်က ၎င်းကိုယ်တိုင် ထိုးနှံခြင်း ခံယူခဲ့သည်။

သမ္မတသည် ၎င်းကို ကာကွယ်ဆေးထိုးနှံပေးရန် ပြင်ဆင်နေသော ဆေးဝန်ထမ်းများနှင့် စကားစမြည် ပြောခဲ့ပြီးနောက် သတင်းထောက်များက စိတ်ပူနေသလားဟု မေးမြန်းခဲ့ရာ ၎င်းက မပူပါကြောင်း ရိုးရှင်းစွာ ဖြေကြားခဲ့သည်။ ၎င်း ထိုးနှံမှုခံယူနေပုံအစအဆုံးမြင်ကွင်းကိုလည်း သမ္မတ၏တရားဝင် ဖေ့စ်ဘွတ်စာမျက်နှာမှ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့သည်။

မီဒီဂျန်ကာကွယ်ဆေးထိုးရန် စာရင်းပေးထားသူပေါင်း ယခုအချိန်အထိ ၇ သိန်းကျော်ရှိနေပြီး ၎င်းဆေးသည် ပထမအကြိမ်ထိုးနှံပြီးနောက် ၂၈ ရက်အကြာတွင် ဒုတိယအကြိမ် ထပ်မံထိုးနှံရန်လိုကြောင်း သိရသည်။

မီဒီဂျန်ကာကွယ်ဆေးသည် အမေရိကန်နိုင်ငံ၊ အမျိုးသားကျန်းမာရေးသိပ္ပံအဖွဲ့နှင့် ထိုင်ဝမ်ကျန်းမာရေး အာဏာပိုင်များ ပူးပေါင်း၍ ထိုင်ဝမ်ပြည်တွင်း၌ တီထွင်ထုတ်လုပ်ခဲ့ပြီး ခန္ဓာကိုယ်၏ ခုခံအားတုံ့ပြန်နိုင်စွမ်းကို မြှင့်တင်ရန် ကိုရိုနာဗိုင်းရပ်စ်ပိုးကို တစ်စိတ်တစ်ပိုင်း အသုံးပြုထားကြောင်း အယ်လ်ဂျာဇီးယားသတင်းအရ သိရသည်။