CNI News
၂၀၂၁ခုနှစ်၊ သြဂုတ် ၂၆
ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ULA/AA မှ ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် Stay at Home သတ်မှတ်ချက်အား ပယ်ဖျက်လိုက်ကြောင်း ယနေ့ (သြဂုတ် ၂၆ ရက်)တွင် ထုတ်ပြန်သည်။
ထိုထုတ်ပြန်ချက်ထဲတွင် Stay at Home အား နောက်ထပ် သက်တမ်းတိုးခြင်း မပြုလုပ်သော်လည်း ရခိုင်ပြည် အတွင်း မြို့နယ်အလိုက်၊ ရွာအလိုက် ရောဂါပိုး ကူးစက်ခံရသူအသစ် အရေအတွက်၊ အတက်အကျ နေ့စဉ်စာရင်း အား နေ့တိုင်းစောင့်ကြည့်လေ့လာပြီး အသွားအလာများကို ဆင်ခြင်နေထိုင်ရန် လိုအပ်နေဦးမည်ဟု ပါရှိသည်။
ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်မှ သတ်မှတ်ခဲ့သည့် Stay at Home ရက်သတ္တပတ် ၅ ပတ် အတွင်းတွင် ကိုဗစ်-၁၉ ဆိုင်ရာ အသိတရားနှင့် သတိတရား၊ ကိုဗစ်-၁၉ ဆိုင်ရာ လိုက်နာရမည့် စည်းကမ်းများအား ပြည်သူလူထုအနေဖြင့် ကောင်းစွာ သိရှိနားလည်ထားပြီဟု ယုံကြည်ကြောင်း ပါရှိသည်။
စစ်တွေမြို့မှ ဒေသခံ ဒေါ်ကျော့မေက “အဲ့ဒီစည်းကမ်းကို သူတို့က ပယ်ဖျက်လိုက်တယ်ဆိုပေမယ့် ကိုယ့်ဘာသာ ကိုယ်တော့ လိုက်နာသင့်တယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်တစ်ယောက်ကြောင့် အများပြည်သူ ပတ်ဝန်းကျင်လည်း ထိခိုက်နစ်နာတယ်။ နောက်ပြီးတော့ ကိုယ်ကိုယ်တိုင်လည်း ခံစားရတယ်ဆိုတော့ ဘယ်လိုပဲ ပယ်ဖျက် ပယ်ဖျက် ကိုယ့်ကိုယ်ကိုတော့ စည်းကမ်းတကျနဲ့ နေထိုင်သင့်တယ်လို့ မြင်ပါတယ်” ဟု ပြောသည်။
ထို့နောက် Stay at Home အား ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်မှ သတ်မှတ်ခြင်းမျိုး မဟုတ်ဘဲ မိမိတို့၏ အသိတရား ဖြင့် တစ်ဦးချင်းဖြစ်စေ၊ ရပ်ရွာအလိုက် အစုအဖွဲ့ဖြင့်ဖြစ်စေ သတ်မှတ်သည့်ပုံစံမျိုး ဖြစ်သည့်အတွက် မလိုအပ်ပဲ အပြင်သို့ သွားလာခြင်းမျိုးနှင့် နေထိုင်ခြင်းမျိုး မလုပ်ကြရန် ဖော်ပြထားသည်။
ရခိုင်ပြည်နယ်တွင် ကိုဗစ်ဒုတိယလှိုင်း စတင်ဖြစ်ပွားချိန်၌ ဆေးရုံတက်ရခြင်းများ၊ သေဆုံးခြင်းများ မများသည့် အတွက် လူအများစုသည် အလေးမထားကြကြောင်း၊ ယခုအခါတွင် ဆေးရုံတက်ရသူများနှင့် သေဆုံးသူများမှာ များပြားလာသည့်အတွက် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ULA/AA ၏ ထုတ်ပြန်ချက်အား လိုက်နာကြကြောင်း စစ်တွေမြို့ ဒေသခံ ဒေါ်ကျော့မေက ဆိုသည်။
“စည်းကမ်းလိုက်နာမှုတွေတော့ အထိုက်အလျောက်ရှိကြပါတယ်။ ဒါပေမယ့် တချို့ မရှိဆင်းရဲသားတွေကတော့ မဖြစ်မနေ သူတို့အလုပ် သွားလုပ်ရမယ်ဆိုရင်တော့ ထွက်လို့လုပ်တာတွေတော့ ရှိပါတယ်။ အခုလက်ရှိမှာတော့ အစိုးရက သတင်းထုတ်ပြန်ထားတာတွေမှာတော့ ကိုဗစ်က နည်းနည်းလျော့နည်းသွားတာကို တွေ့ရပါတယ်” ဟု ၎င်းက ပြောသည်။
ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ULA/AA သည် ရခိုင်ပြည်နယ်အတွင်း Stay at Home ကာလအား ဇူလိုင် ၂၀ ရက်နေ့မှ စတင်ကာ သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ယနေ့မှာတော့ ပယ်ဖျက်လိုက်ပြီးဖြစ်သည်။
ပြည်သူအားလုံး အခွင့်အရေးရပါက ကိုဗစ် ကာကွယ်ဆေး ထိုးထားကြရန်အတွက် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် ULA/ AA က ယနေ့ (သြဂုတ် ၂၆ ရက်) ကြေညာချက်တွင် ထပ်မံအသိပေး ပြောကြားထားသည်။
ထို့အပြင် ရခိုင်ပြည်သူများ အနေဖြင့် မှန်ကန်သည့် ကိုဗစ်ကာကွယ်ဆေးအား ထိုးနှံထားရန်နှင့် ရက္ခိုင့်အမျိုးသား အဖွဲ့ချုပ် အနေဖြင့် ရခိုင်ပြည်သူအားလုံး ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ရန် ကြိုးပမ်းသွားမည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ရခိုင်ပြည်နယ်အတွင်း ကိုဗစ်တတိယလှိုင်းကာလ၌ ကိုဗစ်ရောဂါကူးစက်ခံရသူ ၃၉၁၄ ယောက်ရှိခဲ့ပြီး သေဆုံးသူ မှာ ၃၇၁ ဦးထိ ရှိခဲ့ကြောင်းနှင့် မြေပြင်တွင် ထိုအရေအတွက်ထက်ပိုများနိုင်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထား သည်။