၂၀၂၁ ခုနှစ်၊ သြဂုတ် ၂၈

ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် Stay at Home သတ်မှတ်ထားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်များ အတွင်းက စားသောက်ဆိုင်များအား ဆိုင်ထိုင်ရောင်းချခွင့် မပြုထားဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုထားသည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာသန်းနိုင်စိုးက ပြောသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ဆိုင်ထိုင်ရောင်းချခွင့် မပြုထားသော်လည်း လက်ရှိတွင် စားသောက်ဆိုင်များ၊ လက်ဖက်ရည် ဆိုင်များမှာ ဆိုင်ထိုင် ရောင်းချနေမှုများရှိပြီး ဘားများမှာလည်း ပြန်လည် ဖွင့်လှစ်နေမှုများ ရှိသည်။

ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာသန်းနိုင်စိုးက “Stay at home ရော၊ non stay at home ရော အခု ချိန်မှာ ပါဆယ်စနစ်နဲ့ပဲ ရောင်းဖို့ဆိုတာလေ။ နောက်ပြီးတော့ ဒေသန္တရာအမိန့်တွေပေါ်လည်း မူတည်တာပေါ့နော်။ ဒေသန္တရ အမိန့်အရလည်း ခုနကလိုပဲ ပါဆယ်စနစ်နဲ့ရောင်းဖို့ကိစ္စကိုပဲ ခွင့်ပြုထားတာ။ stay at home မြို့နယ်ဆိုရင်တော့ လုံးဝ မစား သင့်တဲ့ ကိစ္စပဲ။ Stay at home ကတော့ သေချာတယ် လုံးဝမပေးဘူး။ ကျနော်တို့ သိသလောက်လေ။ non stay at home တွေမှာလည်း ပါဆယ်နဲ့ပဲရောင်းဖို့ ကျနော်တို့ပြောထားတယ်။ ဒီအချိန်မှာလေ တက်နေတဲ့အချိန်မှာ”ဟု ဆိုသည်။

သို့သော် စားသောက်ဆိုင်များအနေဖြင့် ၎င်းတို့ဆိုင်၌ ဆိုင်ထိုင်စား၍ ရပြီဖြစ်ကြောင်း အွန်လိုင်းမှတစ်ဆင့် ကြေညာထား ခြင်းများကို ယခုရက်ပိုင်းအတွင်း တွေ့ရှိရသည်။ လက်ရှိတွင် ကူးစက်မှုများရှိနေသေးသည့်အတွက် ယခုကဲ့သို့ ဆိုင်ထိုင် ရောင်းချခြင်း၊ ဆိုင်ထိုင် စားခြင်းများအား မပြုလုပ်သင့်ကြောင်း ဒေါက်တာသန်းနိုင်စိုးက ပြောသည်။

မြန်မာနိုင်ငံစားသောက်ဆိုင် လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးနေလင်းက “ခုချိန်မှာ စီးပွားရေးက လုံးဝ အခြေအနေ မကောင်းဘူး။ တချို့ကလည်း ဝန်ထမ်းတွေ ကျွေးထားတဲ့အတွက် ကာမိအောင် ဖွင့်ကြတာပေါ့လေ။ ဖွင့်တာကတော့ အကြောင်းအမျိုးစုံနဲ့ ဖွင့်ကြတာပေါ့။ ရှင်းပါတယ် ပိုက်ဆံ လိုချင်လို့ပေါ့နော်။ အရှုံးတွေပေါ်နေတယ်။ အဲဒါကြောင့်မို့ ဖွင့်ကြ တယ်။ ဒါပေမယ့်လည်း ခုချိန်မှာ ဒီရောဂါကူးစက်မှု ပျံ့ပွားမှု နည်းပါးအောင်ဆိုပြီးတော့ ဆိုင်ထိုင်ရောင်းချခွင့်ကို ပိတ်ခိုင်း ထားပြီး ပါဆယ်ပဲ ရောင်းပါဆိုပြီးတော့ နိုင်ငံတော်က သက်ဆိုင်ရာက သတ်မှတ်ထားတာကို မလိုက်နာတာကျတော့လည်း သက်ဆိုင်ရာက အရေးယူမှပဲ ရမှာပေါ့နော်”ဟု ပြောသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ Stay at home သတ်မှတ်ထားသည့် မြို့နယ် စုစုပေါင်း ၁၁၉ မြို့နယ်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး တွင် ၂၂ မြို့နယ် ပါဝင်သည်။
မိမိဒေသအတွင်း လူစုလူဝေးဖြင့် ကျင်းပ ဆောင်ရွက်ရသည့် အခမ်းအနားများ၊ အစီအစဉ်များတွင် မဖြစ်မနေ ဆောင်ရွက်ရ သည့် အစီအစဉ်များမှအပ ကျန် အစည်းအဝေးများ၊ အစီအစဉ်များကို ဆောင်ရွက်ခွင့် မပြုရန်၊ အခမ်းအနားများအား ကျင်းပ ဆောင်ရွက်ရာ၌ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်ရန် သက်ဆိုင်ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များသို့ ညွှန်ကြားထားကြောင်း သိရသည်။

ထို့အပြင် စားသောက်ဆိုင်များအား ဆိုင်ထိုင်ရောင်းချခြင်းအစား ပါဆယ်စနစ်ဖြင့်သာ ဆောင်ရွက်ရန်၊ တေးဂီတ သီဆိုခြင်း၊ အခန်းတွင်း ကာရာအိုကေဖြင့် အပန်းဖြေ၊ အနားယူခြင်း အစီအစဉ်များ မပြုလုပ်ရန်၊ ဈေးများနှင့်ဆိုင်သော ဈေးဆိုင်များ ဖွင့်လှစ် ရောင်းချရာတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော လမ်းညွှန်ချက်များအား အထူးတိကျစွာ လိုက်နာ ဆောင်ရွက်ရန်၊ နေ့စဉ် မရှိမဖြစ် အသုံးပြုသော စားသောက်ကုန်များ ရောင်းချသည့်ဆိုင်များကိုသာ ခွင့်ပြုရန်နှင့် အခြား ကုန် ပစ္စည်းများ ရောင်းချခြင်းများကို ယာယီပိတ်ထားရန် စသည့်အချက်များ ညွန်ကြားထားသည်။