CNI News
၂၀၂၁ခုနှစ်၊ သြဂုတ် ၂၄ရက်
ကိုဗစ်-၁၉ ကာကွယ်ဆေးအတုများအား တင်သွင်းဖြန့်ဖြူးရောင်းချပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။
အထက်ပါ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာသန်းနိုင်စိုးက “သက်ဆိုင်ရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနတွေရှိတယ်။ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းတွေ သတင်းပေးပို့လို့ရတယ်။ နောက် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနပေါ့။ ပြည်နယ်၊ တိုင်းအဆင့်တို့ မြို့နယ်အဆင့်တို့ပေါ့နော်။ သက်ဆိုင်ရာ မြို့နယ်အဖွဲ့အစည်း အာဏာပိုင်အဖွဲ့အစည်းတွေကိုလည်း သတင်းပေးပို့လို့ရတယ်ပေါ့နော်” ဟု ပြောသည်။
လက်ရှိတွင် ဈေးကွက်အတွင်းမှာ ကာကွယ်ဆေးအတုအပများအား အွန်လိုင်းမှ ရောင်းချနေခြင်း ရှိသကဲ့သို့ အခြားနည်းလမ်းများနှင့်လည်း ရောင်းချနေကြောင်း သိရသည်။
ထို ကာကွယ်ဆေးများသည် တရားဝင်တင်သွင်းလာသည့် ကာကွယ်ဆေးများ မဟုတ်သည့်အတွက် ရောဂါကာကွယ်နိုင်ခြင်းမရှိသည့်အပြင် ဘေးအန္တရာယ်ဖြစ်ပွားနိုင်သည်။
ကျန်းမာရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာသန်းနိုင်စိုးက “ကာကွယ်ဆေးအတုဆိုကတည်းကိုက ဘယ်ဆေးဝါးဖြစ်ဖြစ်ပေါ့။ အတုဆိုရင် တော်တော်အန္တရာယ်ရှိတာပေါ့နော်။ သောက်ဆေးပဲဖြစ်ဖြစ် ထိုးဆေးပဲဖြစ်ဖြစ် အဲထဲမှာမှာ အသက်ဆုံးရှုံးသွားနိုင်တဲ့ဟာက ထိုးဆေးတွေဆို ပိုပြီးတော့ ဆုံးရှုံးမှုရှိနိုင်တာပေါ့။ ဒီထိုးဆေးထဲမှာပါတဲ့ဟာက ကိုယ်နဲ့ဓာတ်မတည့်တဲ့ပစ္စည်းပါမယ်ဆိုရင် သွေးလန့်တာတို့ ဒါမျိုးတွေလည်းဖြစ်နိုင်တယ်။ အအေးလမ်းကြောင်းမရှိပဲနဲ့ သယ်လာတဲ့ဟာတွေဆိုရင်လည်း အာနိသင်ဘာမှရှိမှာမဟုတ်ဘူး” ဟု ဆိုသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ဆေးဝါးအတုများသည် လူ့အသက်အန္တရာယ်အထိဖြစ်ပေါ်စေနိုင်သဖြင့် ထိုသို့ဆောင်ရွက်သူများအား ထိထိရောက်အရေးယူဆောင်ရွက်သွားရန်လိုကြောင်း သြဂုတ် ၂၃ရက်နေ့က ပြုလုပ်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။
ထို ကိုဗစ်-၁၉ ကာကွယ်ဆေးအတုအပများမှာ ကာကွယ်ဆေးပုလင်း ၁လုံးလျှင် ၁၀ကြိမ်စာ ထိုးနှံနိုင်သည့် 5ml ပါဝင်သည့် ပုလင်းနှင့် ၄ကြိမ်စာ ပါဝင်သော 2mlပုလင်းများအား COVIDSHIELD အမှတ်တံဆိပ်ဖြင့် အတုအပပြုရောင်းချလျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
ထို့အပြင် Medical Product Alert No.5/ 2021: Falsified COVIDSHIELD Vaccine ဖြင့် ကာကွယ်ဆေးအတုအပများ အရှေ့တောင်အာရှနိုင်ငံများ၊ အိန္ဒိယနိုင်ငံနှင့် အာဖရိကတိုက်နိုင်ငံများတွင် ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။
အိန္ဒိယနိုင်ငံသည် နိုင်ငံတကာ ကိုဗစ်ကာကွယ်ဆေးထောက်ပံ့ရေး ကိုဗက်စီမံကိန်းအရ ချို့တဲ့သည့် နိုင်ငံများအတွက် ကိုဗစ်ကာကွယ်ဆေးများ ထုတ်လုပ် ပေးပို့နေခဲ့ရာက ပြည်တွင်း လိုအပ်ချက်ကြောင့် ပြီးခဲ့သည့် ဧပြီလမှာ ရပ်ဆိုင်းထားခဲ့သည်။
မြန်မာနိုင်ငံတွင် ကျန်းမာရေးဝန်ကြီးဌာနမှ အသိအမှတ်ပြုထားသည့် ကာကွယ်ဆေး ၅ မျိုးရှိပြီး အိန္ဒိယထုတ် ကိုဗစ်ရှီးနဲ့ ကိုဗက်ဆင်၊ တရုတ်နိုင်ငံထုတ် ဆိုင်နိုဖန်း၊ ဆိုင်နိုဗက်နဲ့ ရုရှားနိုင်ငံထုတ် စပွတ်နစ် ဗီ တို့ ဖြစ်ပြီး လက်ရှိတွင် မြန်မာနိုင်ငံ၌ ဆိုင်နိုဗက် နဲ့ ဆိုင်နိုဖန်းကို ကျန်းမာရေးဝန်ကြီးဌာနက ထိုးနှံပေးလျက်ရှိသည်။
လာမည့်နှစ်ကုန်တွင် နိုင်ငံ၏ လူဦးရေ ၅၀ ရာခိုင်နှုန်းကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးမည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုထားပြီး လက်ရှိတွင် သြဂုတ် ၂၁ရက်နေ့အထိ လူဦး ၄သန်းကျော်အား ကာကွယ်ဆေးထိုးနှံပေးပြီးပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည်။
မြန်မာပြည်တွင်း ပုဂ္ဂလိက ဆေးဝါးလုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတကာနဲ့ အာရှဒေသအတွင်းမှာ ထိုးနှံဆောင်ရွက်နေသည့် အရည်အသွေးအာနိသင်ကောင်းပြီး ဘေးအန္ကရာယ်ကင်းတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးများအား မိမိအစီအစဉ်ဖြင့် မိမိ တင်သွင်းဖြန့်ဖြူးခြင်း၊ ကာကွယ်ဆေးထိုနှံပေးခြင်းများ ဆောင်ရွက်နိုင်ကြောင်း ခွင့်ပြုထားသည်။
ထိုသို့ ဆောင်ရွက်ချင်သည့် လုပ်ငန်းရှင်များသည် သတ်မှတ်အထောက်အထားများဖြင့် အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသို့ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။