CNI International News

ဝါရှင်တန်၊ဩဂုတ် ၂၃

အမေရိကန်အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန (FDA) က အရေးပေါ်သုံးစွဲခွင့်(EUA- emergency use authorization)အဖြစ် အသုံးပြုခွင့်ပေးထားသည့် ကိုဗစ်ကာကွယ်ဆေးတစ်မျိုးဖြစ်သော ဖိုင်ဇာ(Pfizer) ကို လာမည့်ရက်သတ္တပတ်အစောပိုင်းတွင် အပြည့်အဝထောက်ခံသွားနိုင်ရန် အမေရိကန် ပြည်သူများကို ဆွဲဆောင် စည်းရုံးနေကြောင်း ဘန်ကောက်ပို့စ်သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

ယင်းကာကွယ်ဆေးအပေါ် အမေရိကန် FDA ထောက်ခံချက်သည် ဩဂုတ် ၂၃ ရက်(သို့မဟုတ်)၂၄ ရက်တွင် ပေါ်ထွက်လာမည်ဖြစ်ပြီး အဆိုပါ ဖိုင်ဇာ ကာကွယ်ဆေးကို အမေရိကန်တွင် ယမန်နှစ်မှ စတင်သုံးစွဲနိုင်ခဲ့ကြောင်း ဘန်ကောက်ပို့စ်က ဆက်လက် ရေးသားသည်။

အရေးပေါ်သုံးစွဲခွင့် (EUA) ၏ သဘောသဘာဝမှာ ပြည်သူ့ကျန်းမာရေးအတွက် လတ်တလော အရေးပေါ် အခြေအနေအတွက်သာ အကျိုးသက်ရောက်မည်ဖြစ်ပြီး တာရှည်အသုံးပြုနိုင်သည့်အဆင့် မဟုတ်ခြင်းဖြစ်သည်။

FDA ၏ထောက်ခံချက် အပြည့်အဝမရသေးခြင်းသည် COVID ကာကွယ်ဆေးထိုးရန် အမေရိကန်နိုင်ငံသားအချို့ကို တွန့်ဆုတ်စေသော အချက်တစ်ချက်ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ်နှင့်မြို့အချို့တို့တွင် ကာကွယ်ဆေးဆိုင်ရာ လုပ်ပိုင်ခွင့်နှင့်ပတ်သက်၍ အချေအတင်ဆွေးနွေးကြရာတွင် FDA ထောက်ခံချက် ပါ/မပါကိစ္စမှာ အငြင်းပွားစရာတစ်ခုအဖြစ် ပေါ်ထွက်လာခဲ့သည်။

ဥပမာ ဆန်ဖရန်စစ္စကိုမြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ညစာဝင်ရောက်စားသုံးလိုသူ မည်သူမဆို ကာကွယ်ဆေး အပြည့်အဝ ထိုးထားကြောင်း အထောက်အထားပေးရပြီး အကယ်၍ ထိုးနှံပြီးသူဆိုလျှင်လည်း FDA ထောက်ခံချက်ပါသော ဆေးအမျိုးအစား ထိုးနှံခြင်း ဟုတ်/မဟုတ် စောဒကတက်နေမှုများလည်း ရှိနေသည်။

ထောက်ခံချက်အပြည့်အဝရရှိသည့် ကာကွယ်ဆေးထုတ်လုပ်သည့်ကုမ္ပဏီအနေဖြင့် ကာကွယ်ဆေးကို တရားဝင်ရောင်းဝယ်ဖောက်ကားနိုင်မည့် ပြည်တွင်းကုန်သွယ်ရေးကို မိတ်ဆက်နိုင်မည်ဖြစ်သည့်အပြင် ၎င်းကို အကန့်အသတ်မရှိ တာရှည်အသုံးပြုနိုင်ရန် ဈေးကွက်ထဲပို့နိုင်မည့် အခွင့်အရေးလည်း ရှိမည်ဖြစ်သည်။

မည်သို့ပင်ဆိုစေ ယခင်သီတင်းပတ် ဩဂုတ် ၂၀ ရက်အထိ အမေရိကန်တစ်နိုင်ငံလုံးအတိုင်းအတာအရ ကာကွယ်ဆေး ၁ သန်းကျော် ထိုးနှံနိုင်ခဲ့ပြီဖြစ်သည်။

တစ်ချိန်တည်းမှာပင် Delta အသွင်ပြောင်းမျိုးကွဲ ကိုဗစ်ပိုးကြောင့် ဆေးရုံတင်ရသည့်နှုန်းကလည်း တဖန်လျင်မြန်စွာ များပြားလာပြန်သဖြင့် ကုစားနေရသည်။

အမေရိကန်နိုင်ငံတွင် ဩဂုတ် ၂၀ ရက်အထိ နေ့စဉ်အတည်ပြုပိုးတွေ့လူနာသစ် ၁၄၅,၀၀၀ အထိ များပြားခဲ့ပြီး ပြီးခဲ့သည့် ဇွန်လအကုန်ပိုင်းက နေ့စဉ်လူနာသစ် ၁၂,၀၀၀ ရှိခဲ့သည်။

Source: Bangkok Post

#အရေးပေါ်သုံးစွဲခွင့်

#ဖိုင်ဇာ

#Pfizer

#အမေရိကန်

#ကိုဗစ်

#ကာကွယ်ဆေး

#cninews

#CNIMyanmar

#ChannelNewsIndependent