CNI News
၂၀၂၁ခုနှစ်၊ သြဂုတ် ၁၉ရက်
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ရှိ ဂန္ဓာရီစစ်ရှောင်စခန်းတွင် သြဂုတ် ၁၈ရက်နေ့က စခန်းရှိ အမျိုးသမီးတစ်ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်းနှင့် စခန်းအား Lockdown ချထားခြင်းမရှိကြောင်း စခန်းတာဝန်ရှိသူထံမှ သိရသည်။
ထိုစခန်းတွင် သြဂုတ် ၉ရက်နေ့က အသက်၈၀နှစ်နှင့်အထက်တို့အား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးထားကာ ကျန်းမာရေးဝန်ထမ်းအချို့မှာလည်း စခန်းရှိဆေးခန်းသို့ တစ်ပတ်လျှင် နှစ်ကြိမ်လာသည့်အတွက် စခန်းအား Lockdown မချထားခြင်းဖြစ်ကြောင်း စခန်းတွင် Volunteer အဖြစ် တာဝန်ထမ်းဆောင်နေသည့် ကိုခင်မောင်သန်း က ဆိုသည်။
စခန်းတွင် Volunteer အဖြစ် တာဝန်ထမ်းဆောင်နေသည့် ကိုခင်မောင်သန်း က “သူက ၃ရက်နေမကောင်းဖြစ်ပြီးတော့ ဆေးခန်းပြဖို့သွားတာ ဆရာဝန်က ၆ရက်နေ့မှာ ပိုးတွေ့ရှိထားပြီဆိုပြီး ပြောတယ်။ ဒီစခန်းမှာကျတော့ ဘာမှမလုပ်ရသေးဘူး။ မနေ့က ကျန်းမာရေးဌာနက လာပြီးတော့ မယက ကနေ တဆင့်လာပြီးတော့ ဆေးရုံမှာပဲ ပို့ထားပါတယ်။ မနေ့က ပိုးတွေ့တာနဲ့ ကျန်းမာရေးဌာနကလာပြီးတော့ ကယ်ဆယ်ရေးစခန်းမှာ လာပြီးတော့ ဆေးတွေ ဘာတွေပဲဖြန်းထားတာ။ အခုကတော့ ထွက်ချင်လည်းထွက်လို့ရတယ်။ ဝင်ချင်လည်းဝင်လို့ရတယ်။ ဒီလိုပဲရှိသေးတယ်” ဟု ပြောသည်။
ထိုပိုးတွေ့သူအမျိုးသမီးသည် ဂန္ဓာရီစစ်ရှောင်စခန်းတွင်နေထိုင်ကာ စခန်းပြင်ပရှိ ဆေးခန်းတစ်ခုတွင် အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်း ၎င်းကဆိုသည်။
ဂန္ဓာရီစစ်ရှောင်စခန်းတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်သည်။
Photo - CNI
လက်ရှိ၌ စခန်းအတွင်း ဖျားနာနေသူများ မရှိကြောင်း၊ ထိုဂန္ဓာရီစစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၁၉၉ စု၊ လူဦးရေ ၁၉၂၆ ဦး နေထိုင်ကာ စားနပ်ရိက္ခာလိုအပ်ချက်များရှိကြောင်း၊ ကျန်းမာရေးနှင့်ပတ်သက်သည့် အသုံးအဆောင်များ ဆေးဝါးများ လိုအပ်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့်လက မြောက်ဦးမြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ခုမှ အမျိုးသမီးတစ်ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီး စခန်းအား အဝင်အထွက် ကန့်သတ်မှုများ လုပ်ဆောင်ခဲ့ကြသေးသည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင်တပ်တော် (ULA/AA) မှ ရခိုင်ပြည်နယ်အတွင်း Stay at Home ကာလအား သြဂုတ် ၁၉ရက် မှ ၂၅ရက်နေ့ အထိ ထပ်မံသတ်မှတ်လိုက်ကြောင်း ယနေ့တွင် ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၅ရက်နေ့၌ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင်တပ်တော် (ULA/AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က AA သတင်းမှန်ပြန်ကြားရေးမှ ကိုဗစ်ကာကွယ်ဆေးထိုးခွင့်ရပါက မည်သည့်တံဆိပ်ပဲဖြစ်ဖြစ် မည်သည့်နိုင်ငံကထုတ်သည်ဖြစ်ဖြစ် ထိုးကြရန် ပြောဆိုထားသည်။
ရခိုင်ပြည်နယ်တွင် သြဂုတ် ၁၈ရက်နေ့ထိ ပိုးတွေ့လူနာ စုစုပေါင်း ၃၇၁၈ ဦးရှိပြီး ဆေးရုံမှဆင်းခွင့်ရရှိသူ ၂၉၆၈ ဦးနှင့် သေဆုံးသူ ၃၂၆ ဦးရှိကြောင်း သိရသည်။
#ဘူးသီးတောင်မြို့
#စစ်ရှောင်စခန်း
# ကိုဗစ်ပိုး
# Lockdown
#ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်
#ရက္ခိုင်တပ်တော် (ULA/AA)
#ဗိုလ်ချုပ်ထွန်းမြတ်နိုင်
#ကျန်းမာရေး
#cninews
#CNIMyanmar
#ChannelNewsIndependent