CNI News
၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၈
အက်စထရာဇီနီကာ(AstraZeneca)COVID-19 ကာကွယ်ဆေးကို ဒေသတွင်း ထုတ်လုပ်နေသည့် ထိုင်းနိုင်ငံက ပြည်တွင်းမလုံလောက်သဖြင့် အလားတူကာကွယ်ဆေး အလုံးပေါင်း ၁၅၀,၀၀၀ ကို ဟိမဝန္တာဒေသရှိ ဘူတန် ဘုရင့်နိုင်ငံမှ ချေးငှားရန် ကြိုးပမ်းနေကြောင်း ထိုင်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်ဟု Channel News Asia က သတင်းဖော်ပြသည်။
ထိုင်းနိုင်ငံတွင် ဇွန်လက အစုလိုက် ကာကွယ်ဆေးထိုးနှံနိုင်ခြင်းမရှိမီ အဆိုးရွားဆုံး ဗိုင်းရပ်စ်ပိုးကူးစက်မှု လှိုင်း ရိုက်ခတ်မှုကြောင့် ကာကွယ်ဆေးဖြည့်တင်းနိုင်ရေး ကြိုးပမ်းလုပ်ဆောင်နေရသည်။
လက်ရှိအနေအထားတွင် ထိုင်းပြည်တွင်း၌ အက်စထရာဇီနီ ထိုးဆေး ၅ သန်းမှ ၆ သန်းအထိသာ ပေးနိုင်သဖြင့် အစိုးရရည်မှန်းထားသည့် ထိုးနှံနိုင်မှုနှုန်း ထက်ဝက်ခန့်ပဲ ရှိနေ၍ လူဦးရေ ၁ သန်းအောက်သာရှိသည့် ဘူတန်နိုင်ငံမှ ကာကွယ်ဆေး မှာကြားရခြင်းဖြစ်သည်။
ထိုင်းနိုင်ငံသည် အက်စထရာဇီနီကာ ကာကွယ်ဆေးကို ဒေသတွင်းဖြန့်ဖြူးရန် ထုတ်လုပ်ခဲ့သော်လည်း ယနေ့အချိန်အထိ ထိုင်းလူဦးရေ ၇ဒသမ၁သန်းကိုသာ အပြည့်အဝထိုးနှံနိုင်သေးပြီး လာမည့်လတွင် COVID-19 နေ့စဉ်ကူးစက်မှုနှုန်း နှစ်ဆတိုးလာမည်ကို စိုးရိမ်နေရသည်။
ဘူတန်နိုင်ငံကတော့ ထိုင်းနှင့်များစွာခြားနားလျက်ရှိပြီး ပြီးခဲ့သည့် မတ်လကပင် ကာကွယ်ဆေးစတင်ထိုးနှံ ပေးခဲ့ရာ ဘူတန်လူဦးရေ၏ ၃ ပုံ ၂ ပုံခန့်ကို အလုံအလောက် ထိုးနှံပေးနိုင်ခဲ့သည်။ ဘူတန်နိုင်ငံတွင် ကူးစက် ဖြစ်ပွားမှုပေါင်း ၃၀၀၀ အောက်သာရှိပြီး သေဆုံးသူ ၃ ဦးပဲရှိခဲ့သည်။
ဘူတန်နှင့်ထိုင်းတို့အကြား ကာကွယ်ဆေးလဲလှယ်ရေးအစီအစဉ်အရ နောက်ပိုင်းကာလ ထိုင်းနိုင်ငံတွင် ကာကွယ်ဆေးတိုးမြှင့်ထုတ်လုပ်နိုင်သည့်အခါ ဘူတန်သို့ ပြန်ပို့ပေးရမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန နာတာပါနျူနိုပါခွန်က ပြောသည်။
“လောလောဆယ် အဲဒီသဘောတူညီချက်ကို ထိုင်းအစိုးရက ပြန်သုံးသပ်ပြီး အလေးအနက်စဉ်းစားနေပါတယ်” ဟု ၎င်းက ပြောသည်။
ထိုင်းနိုင်ငံတွင် ဩဂုတ် ၁၆ ရက်က COVID-19 ကူးစက်ဖြစ်ပွားသူအသစ် ၂၁,၁၅၇ ဦးထပ်မံတွေ့ရှိရပြီး စုစုပေါင်း ၉၂၈,၃၁၄ ဦး ကူးစက်မှုစာရင်း မှတ်တမ်းတင်ခဲ့သည်။ ထပ်မံသေဆုံးသူ ၁၈၂ ဦးတိုးလာ၍ ကပ်ရောဂါကြောင့် သေဆုံးစုစုပေါင်း ၇,၇၃၄ ဦးရှိသွားပြီဖြစ်သည်။
Source: Channel News Asia
#ကိုဗစ်
#ဘူတန်
#ထိုင်း
#AstraZeneca
#covid
#ကာကွယ်ဆေး
#cninews
#CNIMyanmar
#ChannelNewsIndependent