CNI News

၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၈

“ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ ဌာနချုပ်တည်ရှိရာ ပန်ခမ်း (ပန်ဆန်း) မြို့ကို Lockdown ချပြီး တစ်မြို့လုံး အာခေါင်တို့ဖတ်စစ်ဆေးမည်ဟု UWSA မှ ဩဂုတ် ၁၇ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

“ဝ” ပြည်နယ် ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုကော်မတီအဖွဲ့၏ ခွင့်ပြုမိန့်အရ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကို ထိရောက်စွာ လုပ်ဆောင်နိုင်ရန်နှင့် ပြည်သူများ၏ ကျန်းမာရေး၊ လုံခြုံရေးအတွက် တစ်ပြည်နယ်လုံးကို အာခေါင်တို့ဖတ်ပြုလုပ်ရန်နှင့် ဩဂုတ် ၁၈ ရက် ည ၁၂ နာရီမှ စပြီး Lockdown ချမှတ်လိုက်သည်ဟု ထုတ်ပြန်ထားသည်။

“၂၀၂၁ ခုနှစ် ဩဂုတ် ၁၈ ရက် မနက်ပိုင်းမှ စပြီး ပန်ခမ်းမြို့အတွင်း နေထိုင်သူအားလုံး (အမြဲတမ်းနေထိုင်သူ၊ ရွှေ့ပြောင်းနေထိုင်သူ၊ ပြင်ပမှ ဝင်ရောက်လာသူအားလုံး အပါအဝင်) အာခေါင်တို့ဖတ်စစ်ဆေးမှု ခံရယူရမည်ဖြစ်ပြီး စစ်ဆေးမှု ကာလကြာချိန် ၅ ရက် အတွင်း ပြည်သူများအနေဖြင့် အားလုံးပူးပေါင်းပါဝင်ကြရန်” UWSA က ထုတ်ပြန်ထားသည်။

တစ်မြို့နယ်လုံးကို အခမဲ့ အာခေါင်တို့ဖတ်စစ်ဆေးသွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် သက်ဆိုင်ရာများ၏ ဦးဆောင်မှုတွင် ပူပေါင်းပါဝင်ကြကာ သတ်မှတ်ထားသော အချိန်နှင့် နေရာကို လာရောက်ကြရန် တိုက်တွန်းထားသည်။

Lockdown ကာလအတွင်း သက်ဆိုင်ရာဌာနများမှ လမ်းအသီးသီးကို ပိတ်ပင်ထားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း မလိုအပ်ဘဲ အပြင်မထွက်ကြရန် အကယ်၍ အရေးပေါ်လိုအပ်ခဲ့ပါက ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန သို့မဟုတ် သက်ဆိုင်ရာဌာနသို့ အကူအညီတောင်းခံနိုင်သည်ဟု ဆိုသည်။

ကုန်သွယ်ရေးဌာန၊ အမြတ်ခွန်ဌာနနှင့် သက်ဆိုင်ရာများမှ မတရားကုန်ဈေးနှုန်း မြှင့်တင်ခြင်းကို တားဆီးနှိမ်နှင်း ထိန်းချုပ်ရန် တိုက်တွန်းထားသည်။

ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းနှင့် ပတ်သက်ပြီး ‘ဝ’ ပြည်နယ်သတင်းဌာနမှ ထုတ်ပြန်သည့် သတင်းများကို ကြည့်ရှုနိုင်ပြီး ကောလဟလသတင်းကို မယုံကြည်ရန်နှင့် ဖြန့်ဖြူးခြင်း မပြုကြရန် တိုက်တွန်းထားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနှင့် ပန်ခမ်း (ပန်ဆန်း) မြို့နယ် ခြောက်ခုအား ခရိုင်နှစ်ခုဖွဲ့ကာ “ဝ” ကိုယ်ပိုင်ချုပ်ချုပ်ခွင့်ရ ဒေသအဖြစ် သတ်မှတ်ပေးထား သည်။

#ပန်ခမ်း

#ကိုဗစ်-၁၉

#ဟိုပန်

#မိုင်းမော

#ပန်ဝိုင်

#နားဖန်

#UWSA

#CNImyanmar

#cninews

#ChannelNewsIndepent