CNI News

၂၀၂၁ ခုနှစ်၊ သြဂုတ် ၂ရက်

ဆွစ်ဇာလန်အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ဆွစ်ဇာလန်သံရုံးနှင့် Third Story Project အဖွဲ့တို့ ပူးပေါင်း၍ သြဂုတ် ၁ရက်နေ့က မြန်မာနိုင်ငံရှိ ကလေးများအတွက် ပုံပြင်စာအုပ် ၆၀၀၀ ကျော် လှူဒါန်းခဲ့ကြောင်း Third Story Project အဖွဲ့မှ သိရသည်။

Third Story Project အဖွဲ့မှ မန်နေးဂျင်းဒါရိုက်တာ မအိပွင့်ရှီဇံက “ကျမတို့ Third Story Project ကြီးပဲ လှူမယ် ဆိုရင် စာအုပ်က ၃၀၀၀ ကျော်လောက်ပဲ ဖြစ်သွားမယ်။ အခုကျတော့ ဆွစ်ဇာလန် အမျိုးသားနေ့ အထိမ်းအမှတ် အတွက် လှူပေးတဲ့အတွက် ကလေးတွေက စာအုပ်အမျိုးမတူတဲ့ အနည်းဆုံး ၁၀ မျိုး၊ ၁၂ မျိုးလောက် သူတို့ဖတ် ရတယ်ပေါ့လေ။ ပုံမှန်ဆို ကျမတို့လှူမယ်ဆို ၄ မျိုး၊ ၆ မျိုး လောက်ပဲ လှူနိုင်မှာပေါ့” ဟု ပြောသည်။

လှူဒါန်းသည့် ပုံပြင်စာအုပ် ၆၀၀၀ ကျော်သည် Third Story Project အဖွဲ့မှ ရေးဆွဲထုတ်လုပ်ထားသော စာအုပ် များဖြစ်ကြောင်း၊ ထိုပုံပြင်စာအုပ်များအား တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးရှိ နေရာတချို့သို့ လှူဒါန်းခြင်းဖြစ် ပြီး လက်ရှိတွင် နေရာ ၈၀ ခန့်သို့ ပေးပို့ထားပြီးဖြစ်ကြောင်း သိရသည်။

Third Story Project အဖွဲ့အနေဖြင့် မတ်လမှ မေလအထိ စာအုပ်ပေါင်း ၁၀၀၀၀ ကျော်ကို လှူဒါန်းထားသေး သည်။ ထို့အပြင် အဆိုပါအဖွဲ့သည် ၂၀၁၄ ခုနှစ်က စတင်ကာ ကလေးများအတွက် ပုံပြင်စာအုပ်များအား ရေးဆွဲ ထုတ်လုပ်ပြီး ရောင်းချသည့်အပြင် လှူဒါန်းမှုများလည်း ပြုလုပ်သည့် အဖွဲ့ဖြစ်သည်။

ကလေးသူငယ်များသည် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်တွင် ကိုဗစ် - ၁၉ ရောဂါကြောင့် ကျောင်းများမတက်ရကာ ယခု နှစ်တွင်လည်း နိုင်ငံရေးအခြေအနေ၊ ကိုဗစ် - ၁၉ ၊ ရေကြီးရေလျှံ စသည့် အကြောင်းမျိုးစုံကြောင့် စိတ်ကျဉ်း ကြပ်မှုများ၊ စိတ်ဖိစီးမှုများ ရှိတတ်သည်။

ကလေးသူငယ်များသည် ထိုပုံပြင်စာအုပ်ဖတ်လိုက်ခြင်းဖြင့် ကျန်းမာရေးနှင့်ပတ်သက်သည့် အခြေခံအကြောင်းရာများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန်အတွက် အခြေခံအကြောင်းအရာများ၊ ပူးပေါင်းဆောင်ရွက်ခြင်းနှင့်ပတ်သက်သည့် ရှိသင့်ရှိထိုက်သော အခြေခံအကြောင်းရာများပါဝင်သည့်အတွက် ပုံပြင်စာအုပ်ဖတ်လျှက် သင်ယူသွားစေချင်သည့် ရည်ရွယ်ချက်ဖြင့် ပုံပြင်စာအုပ်များအား ထုတ်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။