CNI News

၂၀၂၁ ခုနှစ်၊ဇူလိုင် ၂၂


တရုတ်နိုင်ငံမှ ဇူလိုင် ၂၀ ရက်နေ့က တင်သွင်းလာသော ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးပစ္စည်းများဖြစ်သည့် နှာခေါင်း စည်း(Mask)၂၅၀၀ ဘူးနှင့် Lianhua Qingwen Capsules (လီယန်ဟွာကင်းဝမ်ဆေးတောင့်) ၂၈၀ သေတ္တာ မြန်မာနိုင်ငံ သို့ ယနေ့ (ဇူလိုင် ၂၂ ရက်)ရောက် ရှိလာကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက သတင်းထုတ်ပြန်သည်။


အဆိုပါ ပစ္စည်းများကို မုန်တိန်-ချင်းရွှေဟော် (တရုတ်-မြန်မာနယ်စပ်)နယ်စပ်ဂိတ်မှ တစ်ဆင့် မြန်မာနိုင်ငံသို့ ပို့ဆောင်ခဲ့ ခြင်းဖြစ်ပြီး ထိုပစ္စည်းများအား ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်ကုသရေးအတွက် အသုံးပြုမည်ဖြစ် ကြောင်း တရုတ်သံရုံးကဆိုသည်။


ဇူလိုင် ၁၅ ရက်မှ ၂၀ ရက်နေ့အထိ ၄၀ လီတာ အောက်ဆီဂျင်အိုး ၇၃၂၀ လုံး၊ အိမ်သုံးအောက်ဆီဂျင်စက်(Oxygen Conc entrator) ၁၁ လုံး၊ နှာခေါင်းစည်း ၅၃၉၅ ဘူးနှင့် Lianhua Qingwen Capsules ၂၈၀ သေတ္တာ စသည့် ပစ္စည်းများ မုန်တိန်-ချင်းရွှေဟော် နယ်စပ်ဂိတ်မှ တစ်ဆင့် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ တင်သွင်းခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံရုံးက ဆိုသည်။


လက်ရှိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ တတိယလှိုင်း ဖြစ်ပွားနေပြီ လူသေဆုံးမှုနှုန်းနှင့် ကူးစက်ပြန့်ပွားမှုနှုန်း မြင့်တက်နေရာ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အောက်ဆီဂျင် အပါအဝင် အောက်ဆီဂျင်အိုး၊ ဆေးဝါးနှင့်ဆေးပစ္စည်းများ လုံ လောက်မှုမရှိဖြစ်နေသည်။


ထို့ပြင် အရေးပေါ် လူနာများ ကုသနိုင်ရေးအတွက် အထူးကြပ်မတ်ဆောင်(ICU)လုံလောက်မှုလည်းမရှိဘဲ ဖြစ်နေသည်။ထို့ ကြောင့် ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကာ ကွယ်ဆေးများထိုးရန် တရုတ်နိုင်ငံမှ ဝယ်ယူထားသည့် ကာကွယ် ဆေး ၄ သန်းနှင့် တရုတ်နိုင်ငံမှ လှူဒါန်းသည့် ကာကွယ်ဆေး ၂ သန်း စုစုပေါင်း ၆ သန်း ဇူလိုင်လနှင့် သြဂုတ်လ အတွင်း အရေအတွက်အလိုက်ခွဲ၍ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၂ သိန်းကျော်ရှိပြီး သေဆုံးသူ စုစုပေါင်း ၆၀၀၀ နီးပါး ရှိကာ ဇူလိုင် ၂၀ ရက်နှင့် ဇူလိုင် ၂၁ ရက်အတွင်းမှာ စုစုပေါင်း ၂၄၇ ဦးသေဆုံးခဲ့ ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။


#တရုတ် #မြန်မာ #နယ်စပ်ဂိတ် #ကိုဗစ်၁၉ #ဆေးပစ္စည်းများ #နှာခေါင်းစည်း #Mask #အောက်ဆီဂျင်အိုး #LianhuaQingwenCapsules #CNImyanmar #cninews