၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၅

ကယားပြည်နယ် လွိုင်ကော်မြို့တွင် ကိုဗစ် - ၁၉ ရောဂါကူးစက်မှု လျော့ကျလာသော်လည်း သေဆုံးသူ ၁၇၆ ဦးရှိနေပြီး နေ့စဉ် လူနှစ်ဦးခန့် သေဆုံးနေကြောင်း ရွှေလွိုင်ကော် ပရဟိတအသင်းမှ နာယက(၁) ဦးသန်းစိုးက CNI သတင်းဌာနသို့ ပြောသည်။

“တနေ့ကို လူတစ်ယောက်နှစ်ယောက်တော့ ပုံမှန်ရှိနေတယ် ဒီအချိန်အထိ။ တစ်ယောက်နှစ်ယောက်တော့ နေ့တိုင်းရှိတယ် သေဆုံးတာ။ ဖြစ်ပွားတဲ့နှုန်းတော့ နည်းနည်းကျသွားပါတယ်။ သေဆုံးတဲ့နှုန်းတော့ လုံးလုံးကြီး ပြတ်သွားတာ မဟုတ်ဘူးပေါ့။ တစ်လောင်းနှစ်လောင်းကတော့ ပုံမှန်ကို ရှိတယ်” ဟု ဦးသန်းစိုးက ပြောသည်။

လက်ရှိ လွိုင်ကော်မြို့နယ်တွင် ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးပေးလျက်ရှိသော်လည်း တိုက်ပွဲများကြောင့် နေရပ် စွန့်ခွာနေရသူများအနေဖြင့် လာရောက်ထိုးနှံခြင်းမရှိကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အတူ တိုက်ပွဲဖြစ်ပွားနေသည့် ဒီးမော့ဆိုမြို့နယ်နှင့် ဖယ်ခုံမြိုနယ်အတွင်းတွင် ကိုဗစ် - ၁၉ ရောဂါကူးစက်မှု မြင့် တက်နေပြီး သေဆုံးသူ ၅၀ ကျော် ရှိနေကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာတစ်ဦးက Kantarawaddy Times သို့ ပြောကြားထားသည်။

ဓာတ်ပုံ - LKW LKW

ဦးသန်းစိုးက လက်ရှိ ကယားပြည်နယ်တွင် တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် အသွားအလာကန့်သတ်ထားပြီး ယင်းအတွက်ကြောင့် မိမိတို့အနေဖြင့် ကိုဗစ် - ၁၉ လူနာများကို ကူညီဆောင်ရွက်ပေးနိုင်ခြင်းမရှိကြောင်း ပြော သည်။

“ကျနော်တို့က လွိုင်ကော်ကို ထွက်လို့မရဘူး။ ဒီဘက်ကျရင်လည်း ဖယ်ခုံလမ်းဘက်ဆိုရင်လည်း သွားထွက်လို့ မရဘူး။ တကယ်လို့ ရန်ကုန်သွားချင်ရင်တောင် ဟိုးတောင်ကြီးကနေ သွားပြီးတော့ လှည့်ဆင်းရတာ။ အရဲစွန့် သွားတဲ့ ကားတွေတော့ ရှိကောင်းရှိနိုင်တာပေါ့လေ။ ကျနော်တို့ Ambulance (လူနာတင်) ကားတွေကိုတော့ မသွားဖို့ တားမြစ်ထားတယ်။ အစိုးရအဖွဲ့ကရော ဟိုဘက်ကရော နှစ်ဖက်စလုံးပြောတာပဲ။ ဘာလို့လဲဆိုတော့ မှားယွင်းပြီးတော့ ပစ်မိခတ်မိမှာ စိုးလို့ပေါ့လေ။ အဲဒါကြောင့် ပေးမသွားဘူး။ မသွားပါနဲ့လို့ ပြောထားတယ် သူတို့” ဟု ဦးသန်းစိုး က ပြောသည်။

ကယားပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် တိုက်ပွဲရှောင်များ နေထိုင်ရာ တောတောင်များအထိ သွားရောက်ထိုးနှံနိုင်ခြင်းမရှိကြောင်း ၎င်းက ပြောသည်။

လက်ရှိ ကယားပြည်နယ်တွင် ကိုဗစ် - ၁၉ ရောဂါကူးစက်ခံရသူ ၅၁၆၆ ဦးနှင့် သေဆုံးသူ ၂၀၃ ဦး ရှိပြီဖြစ်ကြောင်း ကယားပြည်နယ်၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။