၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၇
မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးဖြစ်သည့် ဆိုင်နိုဖန်း(Sinopharm)အား Ready to fill bulk အနေဖြင့် ဝယ်ယူ၍ ပုလင်းသွင်းစနစ်ဖြင့် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်နေသည့်အပေါ် ကာကွယ်ဆေး အာနိသင်မပျက်စေရန်နှင့် လုပ်ဆောင်ရမည့် ကိစ္စရပ်များနှင့်ပတ်သက်လို့ ဒေါက်တာတင့်ဆွေက CNI သတင်းဌာနသို့ ပြောသည်။
ကျန်းမာရေးပညာရှင်တစ်ဦးလည်းဖြစ် ကိုဗစ်နှင့်ပတ်သက်သည်များကို လေ့လာကာ ဆောင်းပါးများ ရေးသားနေသူလည်းဖြစ်သည့် ဒေါက်တာတင့်ဆွေက “cold chain ကလည်း အဆိုးကြီးမဟုတ်ဘူး။ သိပ် ကထိကထ များလွန်းတာမဟုတ်တဲ့အတွက် 2°ကနေ 8°C စနစ်ကိုတော့ ပေကျင်းကုမ္ပဏီကနေ ဆေးသွင်းမယ့် ကုမ္ပဏီအထိကတော့ ခဲယဉ်းတယ်လို့တော့ သိပ်မထင်ဘူး။ လုပ်နိုင်လိမ့်မယ်လို့ယူဆပါတယ်။ မလုပ်ခင်မှာ လုပ်စရာတွေတော့ အများကြီး။ အဲ့ဒါမလာခင်ကတည်းက ဗမာပြည်မှာ ဆေးသွင်းမယ့်ဆေးကုမ္ပဏီပေါ့နော် ဘယ်ကုမ္ပဏီကလုပ်မလဲတော့မသိဘူး။ Training ပေါ့ Training တွေပေးရဦးမယ်။ လူတွေကို အသိပညာ အရင်မွေးရဦးမယ်။ မွေးပြီးရင် ခုနကပြောသလို ပစ္စည်းကိရိယာပေါ့။ အခြေခံအဆောက်အအုံ ပြည့်စုံအောင် လုပ်ရမယ်။ လုပ်နေတုန်းမှာလည်း over sea ရှိဦးမယ်။ အဲဒီတော့ ဒီစနစ်တွေအတိုင်း အတိအကျ လုပ်လို့ ရှိရင်တော့ ကာကွယ်ဆေးအာနိသင်မပျက်လောက်ဘူးလို့ ယူဆပါတယ်”ဟု ပြောသည်။
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက နိုဝင်ဘာ ၂ ရက်က ပြုလုပ်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဆိုင်နိုဖမ်းအား Ready to fill bulk အနေဖြင့် ဝယ်ယူ၍ ပုလင်းသွင်းဖြည့်တင်းထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုသို့ ကိုဗစ်ကာကွယ်ဆေးအား ပုလင်းသွင်းဖြည့်တင်းထုတ်လုပ်ခြင်းကို ၎င်း၏သုတေသနပြုထားချက်အရ ယူအေအီးနိုင်ငံတွင်သာ လုပ်ဆောင်နေခြင်းဖြစ်ပြီး ယူအေအီးနိုင်ငံသည် မြန်မာနိုင်ငံထက် ချမ်းသာ ကြွယ်ဝ သည့်အပြင် ဆေးဝါးနည်းစနစ်နှင့် ကိရိယာပစ္စည်းပြည့်စုံမှုအပိုင်းတွင်လည်း မြန်မာနိုင်ငံထက်သာနိုင်ကြောင်း ဒေါက်တာတင့်ဆွေက သုံးသပ်သည်။
ကိုဗစ်ကာကွယ်ဆေးရည်ထည့်သည့် ပုလင်းအား WHO ၏ ဂိုက်လိုင်းများရှိကာ ဆေးသယ်ယူထားသိုမှု၊ ဆေးရည် အား ဆေးပုလင်းအသေးသို့ ထည့်သွင်းမှု၊ ကာလသတ်မှတ်ချက်၊ တံဆိပ်ကပ်မှု စသည်တို့ အတိအကျ ရှိကြောင်း သိရသည်။
၎င်းက“အဲဒီတော့ ကျနော်တင်ပြလိုတာက ဆေးစရောက်လာတာကနေပြီးတော့ ဆေးပုလင်းအသေးလေးတွေကို ထည့်တဲ့ နည်းစနစ်တစ်ခု၊ နောက် အဲ့မှာ လေဘယ်လ်ကပ်ရတာတစ်ခု၊ နောက်တစ်ခါမှတ်တမ်းသွင်းရတယ် အဲ့ ဆေးရဲ့နံပါတ်နဲ့ ဘယ်နေ့က ဘယ်မှာဘယ်လိုသွင်းတယ် စသဖြင့် အတိအကျရှိပါတယ်။ နောက်ထပ် ဆေးထိုး ပေးမှုမှာလည်း သုတေသနလုပ်မှုတွေက ရှိသေးတယ်။ ဗမာပြည်မှာလုပ်နိုင်ရင် ကောင်းပါရဲ့လို့တော့ ကျနော် ထင်တာပေါ့” ဟု ရှင်းပြသည်။
ကိုဗစ်ကာကွယ်ဆေးဖြစ်သည့် ဆိုင်နိုဖန်း(Sinopharm)အား ပုလင်းသွင်းစနစ်ဖြင့် ထုတ်လုပ်နိုင်ရေး ဆောင်ရွက် ရခြင်းမှာ စရိတ်စက သက်သာသွားမည့်အပြင် လုပ်ရမည့် အလုပ်ပမာဏလည်း လျှော့ချနိုင်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ ဒေါက်တာ သန်းနိုင်စိုးက နိုဝင်ဘာ ၃ ရက်နေ့က CNI သတင်းဌာနသို့ ပြောခဲ့ဖူးသည်။
Ready to fill bulk အနေဖြင့် ဝယ်ယူပြုလုပ်၍ ထုတ်လုပ်မည်ဆိုပါကလည်း ကာကွယ်ဆေးများ ပြတ်လပ်မှုမရှိ စေရန် ကြိုတင်ညှိနှိုင်းထားရမည်ဖြစ်ကြောင်း သိရသည်။