မော်စကို၊ စက်တင်ဘာ ၁၇
ယခုသီတင်းပတ်အစောပိုင်းတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က ၎င်းနှင့် အနီးကပ်ရှိသည့် အဖွဲ့ဝင် ဆယ်နှစ်ယောက်ဝန်းကျင်ခန့်တွင် Covid-19 ပိုးတွေ့ခဲ့ရကြောင်း ၎င်း၏နေအိမ်တွင် သီးသန့်မနေထိုင်မီ ပြောကြားခဲ့သည်ဟု အေအက်ဖ်ပီသတင်းကို ကိုးကားလျက် Channel News Asia က ရေးသားဖော်ပြသည်။
ဗလာဒီမာပူတင်သည် ပြီးခဲ့သည့် မတ်လပိုင်းက ကာကွယ်ဆေးထိုးထားသူဖြစ်သော်လည်း ကိုရိုနာဗိုင်းရပ်စ်နှင့် ထိတွေ့မိကြောင်း စက်တင်ဘာ ၁၄ ရက်၌ ၎င်းက ထုတ်ဖော်ပြောကြားခဲ့သည်။
“ကံမကောင်း အကြောင်းမလှစွာနဲ့ဘဲ ဒူရှန်ဘေကို သွားဖို့ ခရီးစဉ် ကျနော်ဖျက်သိမ်းလိုက်ရတယ်ဗျာ။ ကျနော် အင်မတန် စိတ်မကောင်းဖြစ်ရပါတယ်။ ဒါပေမယ့် ခင်ဗျားတို့သိတဲ့အတိုင်း ကျနော့်အနီးကပ်အဖွဲ့ထဲက လူတွေထဲမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ခဲ့ရလို့ပါ” ဟု ဗလာဒီမာပူတင်က ပြောကြားခဲ့သည်။
တာဂျစ်ကစ္စတန်နိုင်ငံ၏မြို့တော် ဒူရှန်ဘေတွင် မော်စကိုဦးဆောင်၍ ကျင်းပမည့် စုပေါင်းလုံခြုံရေးစာချုပ် (CSTO) အစည်းအဝေး၌ မိန့်ခွန်းပြောရန် စီစဉ်ထားခြင်းကို ပူတင်က ရည် ညွှန်းပြောဆိုခဲ့ခြင်းဖြစ်သည်။
“အခု ကျနော့်အတွင်းစည်းထဲ ပိုးတွေ့တာ တစ်ယောက်၊ နှစ်ယောက်မဟုတ်ဘူးဗျ။ ဆယ်နှစ်ယောက်ကျော် လောက်တွေ့နေတာ” ဟု ပူတင်က ဆက်လက်ပြောကြားသည်။
အသက် ၆၈ နှစ်အရွယ်ရှိ ရုရှားခေါင်းဆောင်သည် ဇွန်လနှောင်းပိုင်းက ရုရှားပြည်တွင်းဖြစ် စပွတ်နစ်ဗီ(Sputnik V) ကာကွယ်ဆေးထိုးခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့သော်လည်း ကရင်မလင်နန်းတော်က ပူတင်ကို ကာကွယ်ဆေးထိုးနေသည့်ဓါတ်ပုံများ ထုတ်ပြန်ခဲ့ခြင်းမရှိခဲ့ပေ။
ပူတင်သည် မကြာသေးမီလများက အလုပ်ကိစ္စခရီးသွားလာမှုများနှင့် လူအချင်းချင်း မျက်နှာချင်းဆိုင် အစည်းအဝေးများ ပြန်လည်စတင်ခဲ့သော်လည်း ၎င်းနှင့်ထိတွေ့ခဲ့ဖူးသူများနှင့် ယခုအခါ ရက်သတ္တပတ် နှစ်ပတ်ကြာ သီးသန့်ခွဲထားရန် လိုအပ်နေသေးသည်။
ရုရှားနိုင်ငံသည် Covid-19 ကူးစက်မှုအခံရဆုံးနိုင်ငံများစာရင်းတွင် ပဉ္စမမြောက်နေရာတွင် ရှိနေခဲ့ပြီး ကာကွယ်ဆေးအလွယ်တကူရသော်လည်း ကူးစက်မှု သိသိသာသာ ထိန်းချုပ်နိုင်ရန် ရုန်းကန်နေရဆဲဖြစ်ကြောင်း အေအက်ဖ်ပီသတင်းဌာနမှ ရရှိသည့်စာရင်းဇယားများအရ သိရသည်။
ကာကွယ်ဆေးထိုးရန် ရောဂါသံသယရှိသူ လူဦးရေအတွက် ရုရှားအာဏာပိုင်များ ကြိုးစားနေရဆဲဖြစ်ပြီး စစ်တမ်းကောက်ခံမှုများအရ ရုရှားပြည်သူအများစုသည် ကာကွယ်ဆေးထိုးရန် အစီအစဉ် မရှိကြောင်း ဆိုသည်။