အယ်လ်ဂျီးရီးယား၊ စက်တင်ဘာ ၁၈

အယ်လ်ဂျီးရီးယားသမ္မတဟောင်း အက်ဘ်ဒီလာဇစ် ဘော့တီဖလီကာသည် စက်တင်ဘာ ၁၇ ရက်က နာတာရှည်ဝေဒနာဖြင့် အသက် ၈၄ နှစ်အရွယ်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း ဘီဘီစီသတင်းတစ်ပုဒ်တွင် တွေ့ရသည်။

ဘော့တီဖလီကာသည် နိုင်ငံကို ဆယ်စုနှစ် နှစ်ခုနီးပါး ဦးဆောင်ခဲ့ပြီး ပဉ္စမမြောက် ရာထူးသက်တမ်းထမ်းဆောင် စဉ် လမ်းမပေါ် စုဝေးဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည့်နောက်ပိုင်း ၂၀၁၉ ခုနှစ်တွင် သမ္မတရာထူးမှ ဆင်းပေးခဲ့ရသည်။

၎င်းသည် ၁၉၅၀ ပြည့်လွန်နှစ်များနှင့် ၁၉၆၀ ပြည့်လွန်နှစ်များအတွင်း အယ်လ်ဂျီးရီးယားလွတ်လပ်ရေးတိုက်ပွဲ၌ အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

၁၉၆၂ ခုနှစ်တွင် ပြင်သစ်ထံမှ အယ်လ်ဂျီးရီးယားလွတ်လပ်ရေးရပြီးနောက် သူ၏နိုင်ငံရေးလုပ်သက်မှာ အတော်အတန်ရရှိနေပြီဖြစ်သည်။ အသက် ၂၀ ကျော်အရွယ်တွင် ကမ္ဘာ့အသက်အငယ်ဆုံး နိုင်ငံခြားရေး ဝန်ကြီးရာထူးကို ရခဲ့သည်။ ထိုရာထူးကို ၁၆ နှစ် ထမ်းဆောင်ခဲ့ပြီး ကုလသမဂ္ဂတွင် တက်ကြွသော အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်လှုပ်ရှားခဲ့သည်။ ၁၉၇၄ ခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ဥက္ကဋ္ဌအဖြစ် ဘော့တီဖလီကာဆောင်ရွက်စဉ် ပါလက်စတိုင်းခေါင်းဆောင် ယာဆာအာရာဖတ်ကို ကုလသမဂ္ဂတွင် မိန့်ခွန်းပြောကြားရန် ဖိတ်ခေါ်ကမ်းလှမ်းခဲ့သဖြင့် အုတ်အော်သောင်းနင်း ဖြစ်ခဲ့ဖူးသည်။

ကုလသမဂ္ဂထဲတွင် တရုတ်နေရာအတွက် ရှိသင့်ကြောင်းနှင့် တောင်အာဖရိကအသားအရောင်ခွဲခြားမှုကို ဆန့်ကျင်ကြောင်း အခိုင်အမာပြောကြားခဲ့သည်။

၁၉၈၀ ပြည့်လွန်နှစ်များတွင် အကျင့်ပျက်ခြစားမှု စွဲချက်များမှ ရှောင်ရှားရန် ပြည်ပသို့ ထွက်ခွာနေထိုင်ခဲ့သည်။

၁၉၉၀ ပြည့်နှစ်တွင် အယ်လ်ဂျီးရီးယားနိုင်ငံသို့ ပြန်ရောက်ပြီး ၁၉၉၉ ခုနှစ်တွင် ဘော့တီဖလီကာသည် အယ်လ်ဂျီးရီးယားနိုင်ငံ၏ ပထမဆုံးအရပ်သားခေါင်းဆောင်ဖြစ်လာခဲ့သည်။

၁၉၉၉ ခုနှစ် အယ်လ်ဂျီးရီးယားနိုင်ငံတွင် လူ ၂ သိန်းနီးပါး သေကြေခဲ့ရသည့် ပြည်တွင်းစစ်ဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်၏တိုက်တွန်းချက်အရ သမ္မတရာထူးကို လက်ခံခဲ့သည်။

၂၀၁၃ ခုနှစ်တွင် လေဖြတ်ဝေဒနာခံစားခဲ့ရပြီးနောက်ပိုင်း အများပြည်သူမြင်ကွင်းရှေ့ ထွက်ပေါ်လာခြင်း အလွန်နည်းပါးခဲ့သည်။