၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) မုံးကိုးဒေသရှိ တိုက်ပွဲရှောင် ၇၀၀ ကျော်တွင် ကိုဗစ်ပိုး တွေ့ရှိသူ ၃၇ ဦးရှိပြီး ထိုအထဲမှ အသက် သုံးနှစ်အရွယ် ကလေးငယ် ၃ ဦးခန့်ပါဝင်ကြောင်း အကူအညီပေးနေသည့် ဒေသခံ ဦးနု(အမည်လွှဲ)က CNI သတင်းဌာနသို့ ပြောသည်။

ယနေ့ (စက်တင်ဘာ ၁၈ ရက်နေ့)တွင် တိုက်ပွဲရှောင် ၆၀၀ နီးပါးအား ကိုဗစ်ပိုး ရှိ/မရှိ စစ်ဆေးထားကြောင်း၊ လက်ရှိတွင် ကိုဗစ်ပိုး တွေ့ရှိသူ တိုက်ပွဲရှောင် ၃၇ ဦးအား မုံးကိုးပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူလျက်ရှိကြောင်းနှင့် ဆေးကုသ စရိတ် မှာ မည်မျှကုန်ကျမည် မသိသဖြင့် စိုးရိမ်နေရကြောင်း ၎င်းက ဆိုသည်။

အကူအညီပေးနေသည့်ဒေသခံ ဦးနု (အမည်လွှဲ)က “ဒါပိုးတွေ့လူနာ တအားများနေလို့ ကျနော်တို့လည်း စိတ်ပူနေပါတယ်။ ကျနော်တို့လည်း ဘယ်လို လုပ်ရမှန်းတောင် မသိတော့ဘူး။ ပြောမယ်ဆိုရင် တရုတ်ငွေ ၄၀၀၀၀ (လေးသောင်း) ကျော် လောက်ကုန်ကျမှာ။ ဒါပေမယ့်လည်း ဒေါက်တာကတော့ တစ်ဖက်တစ်လမ်းကနေ ဘယ်လောက် ကူညီမလဲ မသိသေးဘူး။ ကျနော်တို့ တခြားပြည်သူတွေကို ကုပေးတဲ့ဟာကို ကြည့်လိုက်ရင်တော့ တရုတ်ငွေ ၄၀၀၀၀ (လေးသောင်း) ကျော်လောက် ကျမယ်။ အခုသူက ဘယ်လောက် လျှော့ပေးမှာလဲ မသိသေးဘူး။ ဘယ်သူပေးတာလည်း မရှိသေးဘူးဆိုတော့ ကျနော်တို့ပဲ ပေးရမှာပေါ့။ သူတို့ကို ပြန်ကြည့်ရင်လည်း သူတို့အိမ်မှာကို မတတ်နိုင်တဲ့ အခက်အခဲဆုံးဆိုတဲ့လူတွေပဲ ဒီဒုက္ခသည်စခန်းမှာ ရောက်လာကြပါတယ်” ဟု ပြောသည်။

အဆိုပါ တိုက်ပွဲရှောင်များသည် စခန်းတွင် ဆက်လက်နေထိုင်ပါက ကိုဗစ်ပိုး ကူးစက်မည်ကို စိုးရိမ်နေကြကြောင်း သိရ သည်။ လက်ရှိတွင် စားနပ်ရိက္ခာများ လုံလောက်မှု ရှိနေသော်လည်း ကျန်းမာရေး စောင့်ရှောက်မှု အားနည်းနေကြောင်း၊ ထို တိုက်ပွဲရှောင်စခန်းရှိ ကလေးငယ်များ အပါအဝင် တိုက်ပွဲရှောင်များသည် ဖျားနာချောင်းဆိုးနေမှုများ ရှိနေကြောင်း အကူ အညီပေးနေသည့်ဒေသခံ ဦးနု (အမည်လွှဲ)က ပြောသည်။

၎င်းက “သူတို့ကို ပါရာစီတမောတို့၊ မီဇာဂရေ့စ်တွေပဲ ပေးနေတာ။ ခုလောလောဆယ်က ပိုးတွေ့တယ်ဆိုတော့ ဒီမှာ လာ ကြည့်တဲ့ သူနာပြုတွေ၊ ဒေါက်တာတွေလည်း သူတို့ကိုယ် သူတို့ ကွာရန်တင်းလုပ်တယ်တဲ့။ အိမ်မှာ ဟုမ်းကွာရန်တင်း လုပ် နေတယ်တဲ့။ သူတို့လည်း မလာကြည့်တော့ဘူး” ဟု ဆိုသည်။

ကျန်းမာရေး၀န်ကြီးဌာနက ကိုဗစ်-၁၉ ကာကွယ်-ထိန်းချုပ်-ကုသနိုင်ငံရေးအတွက် ကိုဗစ်ကာကွယ်ဆေးကို ဉီးစားပေး အုပ်စုများခွဲ၍ ထိုးနှံပေးလျက်ရှိရာ မကြာမီတွင် ရွှေ့ပြောင်းလူအုပ်စုများနှင့် ယာယီစခန်းများမှ ပြည်သူလူထုများကို ထိုးနှံ ပေးသွားမည်ဟုလည်း ထုတ်ပြန်ကြေညာထားသည်။

လက်ရှိ မုံးကိုးမြို့ပေါ်တွင် တိုက်ပွဲရှောင်နေရသော ပြည်သူ ၇၀၀ ကျော်မှာ တိုက်ပွဲများကြောင့် မုံးကိုးမြို့နယ်ရှိ ကောင်းလုံ၊ နမ့်ဟာ၊ ဝေါ်ချုံး၊ မန်ခွမ်၊ နောင်လျန်၊ မန်မော်၊ ဖျင်ဇီးကြိုင် စသည့် ကျေးရွာများက ဒေသခံများ ဖြစ်ပြီး တပ်မတော်နှင့် ကိုးကန့်အဖွဲ့(MNDAA)ကြား မြန်မာ-တရုတ် နယ်စပ်တစ်လျှောက် မုံးကိုးနှင့် ကြူကုန် (ပန်ဆိုင်း) မြို့နယ်များအတွင်းမှာ သြဂုတ်လ ကတည်းက စတင်ပြီး တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေခြင်းကြောင့် တိုက်ပွဲရှောင်လာကြသူများဖြစ်သည်။

အဆိုပါ တိုက်ပွဲရှောင်များသည် လက်ရှိတွင် မုံးကိုးမြို့ ၊ ရပ်ကွက် ၄ ရှိ ဘုရားကျောင်း၊ လီဆူဘုရားကျောင်း၊ ကချင်ဘုရား ကျောင်းနှင့် ဘုန်းကြီးကျောင်းတို့တွင် ခိုလှုံနေကြရ ကြောင်း သိရသည်။

 

ယနေ့(စက်တင်ဘာ ၁၈ ရက်နေ့) နံနက်ပိုင်းက တိုက်ပွဲဖြစ်သံများ ကြားရသော်လည်း ယခု(နေ့လယ်ပိုင်း)တွင် ပြန်ငြိမ် သွားကြောင်း သိရသည်။

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ တတိယလှိုင်းတွင် ရောဂါကူးစက်ခံရမှုနှုန်း၊ သေဆုံးမှုနှုန်းများကို အချိန်မှီ ထိန်းချုပ် ကာကွယ် နိုင်ရန်၊ ကိုဗစ်ကာကွယ်ဆေး ထိုးသင့်သူများအားလုံး အချိန်မှီ ထိုးနှံနိုင်ရန်အတွက် မြန်မာပြည်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကို ရပ်တန့်ရန် လိုအပ်ကြောင်း ညီနောင်မဟာမိတ်(AA-MNDAA-TNLA)အဖွဲ့က ထုတ်ပြန်ထား သည်။

လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားမှု တိုးပွားလာခဲ့ပြီး တစ်နိုင်ငံ လုံး အတိုင်းအတာအရ တိုက်ပွဲရှောင် ၈၀၀၀၀၀ (ရှစ်သိန်း) ဝန်းကျင် ရှိကြောင်း အရပ်ဖက်အဖွဲ့အစည်းများထံမှ သိရသည်။