ဖနွမ်းပင်၊ စက်တင်ဘာ ၁၈

COVID-19 ကြောင့် ကျောင်းများ လပေါင်းများစွာပိတ်ထားခဲ့ရပြီးနောက် ကျောင်းသားများ လုံခြုံစိတ်ချစွာ ကျောင်းပြန်တက်နိုင်ဖို့ ကမ္ဘောဒီးယားအစိုးရက အသက် ၆ နှစ်မှ ၁၁ နှစ်ကြား ကျောင်းသားငယ်များအတွက် စက်တင်ဘာ ၁၇ ရက်က ကာကွယ်ဆေးများ စတင်ထိုးနှံပေးခဲ့ကြောင်း အေပီသတင်းတစ်ပုဒ်ကို ကိုးကားလျက် Channel News Asia က ရေးသားဖော်ပြသည်။

ဝန်ကြီးချုပ်ဟွန်ဆန်က ကလေးငယ်များ ကာကွယ်ဆေးထိုးရန် နိုင်ငံပိုင်ရုပ်သံလိုင်းနှင့် ၎င်း၏ ဖေ့စ်ဘွတ် စာမျက်နှာပေါ်မှ တိုက်တွန်းခဲ့ပြီး ၎င်း၏မြေးများနှင့် အစိုးရအကြီးတန်းအရာရှိမိသားစုများ ကာကွယ်ဆေးထိုး နှံနေပုံများကို ထုတ်လွှင့်ပြသပေးခဲ့သည်။

“ကလေးတွေ ကျန်းမာရေးနဲ့သူတို့လေးတွေ အသက်ကို ကာကွယ်ဖို့က ကျနော်တို့တာဝန်ဖြစ်လို့ ကျောင်း ပြန်တက်ကြတဲ့အချိန်မှာ ကလေးတွေနဲ့ဆရာတွေ COVID-19 ဘေးကနေ လုံခြုံစိတ်ချစေချင်တယ်” ဟု ဟွန်ဆန်က ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားတွင် ဟွန်ဆန်က အသက် ၃ နှစ်မှ ၅ နှစ်ကြား ကလေးငယ်များကိုလည်း ကာကွယ်ဆေးထိုးနှံနိုင်ရေး လေ့လာစူးစမ်းထားကြရန် ကျန်းမာရေးအရာရှိများကို ညွှန်ကြားထားသည်။

ကာကွယ်ဆေးထိုးပြီးသူ ၁၇ သန်းရှိလာပြီဖြစ်၍ ကမ္ဘောဒီးယားစုစုပေါင်းလူဦးရေ၏ ၇၂ ရာခိုင်နှုန်းခန့်ကို အနည်းဆုံးကာကွယ်ဆေး တစ်ကြိမ်စီ ထိုးနှံပေးနိုင်ခဲ့ကြောင်း၊ ထိုးနှံပေးခဲ့သည့် ဆေးအမျိုးအစားမှာ တရုတ်နိုင်ငံထုတ် Sinovac နှင့် Sinopharm တို့ဖြစ်ကြောင်း သိရသည်။

ကပ်ရောဂါမှ ပြန်လည်အားယူရန်အတွက် ကမ္ဘောဒီးယားအစိုးရ၏ဦးစားပေးကဏ္ဍမှာ ပညာရေးကဏ္ဍဖြစ်ပြီး ပြည်တွင်းခရီးသွားလုပ်ငန်းနှင့် အခြားဝန်ဆောင်မှုလုပ်ငန်းများကိုလည်း ပြန်လည်ဖြေလျော့ပေးရေး စတင်လျက်ရှိသည်။

ကမ္ဘောဒီးယားနိုင်ငံတွင် ကူးစက်မှုနှုန်းမြင့်မားခဲ့သော်လည်း ကာကွယ်ဆေးထိုးနှံပြီးသူဦးရေမှာ အရှေ့တောင် အာရှရှိ အခြားနိုင်ငံထက် များပြားနေပြီဖြစ်ကြောင်း ဝန်ကြီးချုပ် ဟွန်ဆန်က ပြောကြားခဲ့သည်။

စက်တင်ဘာ ၁၇ ရက်က ကူးစက်ခံရသူအသစ် ၆၉၈ ဦးနှင့် သေဆုံးသူ ၁၁ ဦးရှိခဲ့သဖြင့် စုစုပေါင်း ကူးစက် ဖြစ်ပွားသူ ၁၀၂,၈၃၄ ဦးနှင့် သေဆုံးသူ ၂၀၈၉ ဦးရှိခဲ့ကြောင်း ကမ္ဘောဒီးယားကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။