၂၀၂၁ခုနှစ်၊ စက်တင်ဘာ ၁၉
အခြေခံပညာကျောင်းများအား ကျန်းမာရေးဝန်ကြီးဌာနမှ ခွင့်ပြုသည့်နေ့တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်က CNI သတင်းဌာနသို့ ပြောသည်။
အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင် က “ကျန်းမာရေးဝန်ကြီးဌာနက ခွင့်ပြုတဲ့နေ့ ဖွင့်ပါမယ်။ လက်ရှိ ကျောင်းဖွင့်ရင် အဆင်သင့်ဖြစ်အောင် ဆရာ၊ ဆရာမတွေ မိမိသင်ကြားရမယ့် ဘာသာရပ်တွေကို ကျောင်းပိတ်ရက်ကာလမှာ ပြန်လည်လေ့လာထားကြရန် ညွှန်ကြားထားပါတယ်” ဟု ဆိုသည်။
ယခုနှစ်တွင် ကျောင်းဖွင့်ရာသီဖြစ်သည့် ဇွန်လတွင် အခြေခံပညာကျောင်းများအား ဖွင့်လှစ်ခဲ့သော်လည်း ကိုဗစ် ကူးစက်မှုများကြောင့် ဇူလိုင် ၉ရက်နေ့ကပင် ပိတ်ထားခဲ့သည်မှာ လက်ရှိအချိန်အထိ ဖြစ်သည်။
အခြေခံပညာကျောင်းများအား ပြန်လည်ဖွင့်လှစ်မည့်ကိစ္စနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးသို့ CNI သတင်းဌာနက ဆက်သွယ်မေးမြန်းရာတွင် ကျောင်းများအား ပြန်လည်ဖွင့်လှစ်ရန် ညွှန်ကြားထားခြင်းမရှိကြောင်း၊ ကူးစက်မှုအနေအထားစိတ်ချရမှသာ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်းနှင့် အကယ်၍ ဖွင့်လှစ်မည်ဆိုပါက ကိုဗစ်စည်းမျဉ်းစည်းကမ်းနဲ့အညီ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပြောသည်။
ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး က “ကျနော်တို့က ကူးစက်မှုလုံးဝ စိတ်ချရပြီဆိုတာကတော့ ၅ရာခိုင်နှုန်းအောက်ရောက်ရင်တော့ ပိုစိတ်ချရတာပေါ့လေ။ အခုက ၁၀ရာခိုင်နှုန်း၊ ၉ရာခိုင်နှုန်း၊ ၈ရာခိုင်နှုန်းလောက်ရှိနေသေးတာကိုး” ဟု ဆိုသည်။
ကုလသမဂ္ဂအဖွဲ့အစည်းတစ်ခုဖြစ်သည့်UNICEF ကလည်း ကျောင်းများအား မြန်နိုင်သမျှ မြန်မြန်ပြန်ဖွင့်ကြရန် တိုက်တွန်းထားသည်။
ကိုဗစ်-၁၉ ကြောင့် ကျောင်းများ လပေါင်းများစွာပိတ်ထားခဲ့ရပြီးနောက် ကျောင်းသားများ လုံခြုံစိတ်ချစွာ ကျောင်းပြန်တက်နိုင်ဖို့ ကမ္ဘောဒီးယားအစိုးရက အသက် ၆ နှစ်မှ ၁၁ နှစ်ကြား ကျောင်းသားငယ်များအတွက် စက်တင်ဘာ ၁၇ ရက်က ကာကွယ်ဆေးများ စတင်ထိုးနှံပေးခဲ့ကြောင်း အေပီသတင်းတစ်ပုဒ်ကို ကိုးကားလျက် Channel News Asia က ရေးသားဖော်ပြခဲ့သည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင်လည်း အသက် ၁၈နှစ်အောက်အရွယ်များအား ကာကွယ်ဆေးထိုးနှံမှုအခြေအနေနှင့်ပတ်သက်၍ ဒေါက်တာမြတ်ဝဏ္ဏစိုးက ယခုကဲ့သို့ ပြောဆိုသည်။
“လောလောဆယ်တော့ မပါသေးပါဘူး။ ကျနော်တို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကနေပြီးတော့ ကျောင်းသားတွေ ၁၈နှစ်အောက်တွေ ထိုးလို့ရပြီဆိုတဲ့အချိန်ကျရင် ကျနော်တို့ ထိုးပေးပါမယ်” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် လက်ရှိအချိန်ထိ ကာကွယ်ဆေး နှစ်ကြိမ်တိတိ ထိုးနှံပြီးသူ ၅သန်းနီးပါးခန့်ရှိကြောင်းနှင့် ထိုထဲတွင် ပညာရေးဝန်ထမ်းများလည်း ပါဝင်ကြောင်းသိရသည်။
လက်ရှိတွင် ကိုဗစ်ရောဂါဖြစ်ပွားမှုနှုန်းသည် ပြီးခဲ့သည့် သြဂုတ်လနှင့်နှိုင်းယှဉ်ကြည့်ပါက ၆၀ ရာခိုင်နှုန်းခန့် လျော့ကျသွားကြောင်း သိရသည်။