ဗီယန်ကျင်း၊ စက်တင်ဘာ ၂၁

Covid-19 ကူးစက်နှုန်း စံချိန်တင် များပြားလာသဖြင့် လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့ကို lockdown ချ၍ ပိတ်ထားလိုက်ပြီဖြစ်ပြီး ကူးစက်မှုရှိနေသော ပြည်နယ်များအကြား ခရီးသွားလာခြင်းကို တားမြစ်ထားကြောင်း စက်တင်ဘာ ၂၀ ရက်က အေအက်ဖ်ပီသတင်းကို ကိုးကားလျက် စထရိတ်တိုင်းမ်သတင်းစာက ရေးသား ဖော်ပြသည်။

ကွန်မြူနစ်နိုင်ငံတစ်နိုင်ငံဖြစ်သော လာအိုသည် ယမန်နှစ် ၂၀၂၀ က ကပ်ရောဂါဘေးမှ သက်သာရာရခဲ့ပုံရှိခဲ့ပြီး ယခုနှစ် မတ်လတွင်လည်း ရောဂါဖြစ်ပွားသူဦးရေ ၆၀ အောက်သာ ရှိခဲ့သည်။ စမ်းသပ်စိစစ်မှု နည်းပါးလွန်း၍ ယင်းအရေအတွက်သာ သိရှိခြင်းလည်း ဖြစ်နိုင်သည်။

သို့သော် ယခုနှစ် ဧပြီလလယ်မှစ၍ ပိုးကူးစက်နှုန်း အရှိန်မြင့်လာခဲ့ပြီး စက်တင်ဘာ ၁၈ ရက်က ကူးစက်ဖြစ်ပွားသူအသစ် ၄၆၇ အထိရှိလာ၍ တစ်ရက်အတွင်း အမြင့်ဆုံးစံချိန်ဖြစ်သွားခဲ့သည်။ ယင်းနောက် ဗီယန်ကျင်းမြို့တော်ဝန်က အစားအသောက်နှင့် ဆေးဝါးကိစ္စ(သို့မဟုတ်)ဆေးရုံ၊ ဆေးခန်းကိစ္စတို့မှအပ ဒေသခံများကို ၎င်းတို့နေအိမ်အတွင်း၌သာ နေထိုင်ရန် အမိန့်ထုတ်ခဲ့သည်။ ကူးစက်ခံနေရသော အခြားပြည်နယ် ၇ ခုတွင်လည်း ခရီးသွားခြင်းကို တားမြစ်ထားပြီး ဗီ
ယန်ကျင်းမြို့တော်အတွင်း ဝင်ရောက်လိုလျှင် ရောဂါ စောင့်ကြည့်မှု (Quarantine) ၁၄ ရက် သီးသန့်နေရမည်ဖြစ်သည်။

နိုင်ငံပိုင်မီဒီယာ KPL ၏အဆိုအရ ဘာသာရေးအခမ်းအနားအပါအဝင် ပြင်ပတွင် စုပေါင်းကိုယ်လက်လှုပ်ရှား လေ့ကျင့်ခြင်း၊ လမ်းမပေါ် အစားအသောက်ရောင်းချခြင်းစသည့်လှုပ်ရှားမှုများအားလုံး ရပ်နားထားရမည်ဟု သိရသည်။

ယခုသီတင်းပတ်အကုန်ပိုင်း လာအိုနိုင်ငံ၏ ပြည်တွင်း ကူးစက်ဖြစ်ပွားမှုများပြားလာခြင်းအပေါ် ဆန်းစစ်ကြည့်ရာတွင် အထူးသဖြင့် အထည်ချုပ်စက်ရုံများတွင် အစုလိုက်အပြုံလိုက်ကူးစက်နေကြောင်း တွေ့ရပြီး လုပ်သားအများစုတွင် Delta အသွင်ပြောင်းမျိုးကွဲပိုး ရှိနေကြခြင်းဖြစ်သည်။

လာအိုနိုင်ငံတွင် ယခုအချိန်အထိ အတည်ပြုဖြစ်ပွားသူ ၁၉,၃၉၉ ဦးနှင့် သေဆုံးသူ ၁၆ ဦးရှိသည်။ လာအိုနိုင်ငံတွင် Covid-19 ကာကွယ်ဆေး ၄ ဒသမ ၅ သန်းကျော်ရရှိခဲ့ပြီး ထိုးဆေးအများစုမှာ အိမ်နီးချင်းတရုတ်ထံမှ Sinopharm နှင့် Pfizer-BioNTech တို့ဖြစ်သည်။ ၎င်းထိုးဆေးများသည် ဝင်ငွေနည်းသောနိုင်ငံများအတွက် ရည်ရွယ်ဖြန့်ဖြူးပေးနေသည်ဟု သိရသည်။

ယခု ဗီယန်ကျင်းမြို့အနေဖြင့် lockdown အမိန့်ကို ချိုးဖောက်ပါက မည်သူမဆို ဒဏ်ကြေးအဖြစ် လာအိုငွေ ၃ သန်း (စင်ကာပူဒေါ်လာ ၄၂၀ ဒသမ ၅၀) ပေးဆောင်ရမည်ဟု အစိုးရပိုင်မီဒီယာများတွင် ကြေညာထားသည်။ လာအိုနိုင်ငံ၏ နှစ်စဉ်တစ်ဦးချင်းဝင်ငွေသည် အမေရိကန်ဒေါ်လာ ၂,၆၀၀ (စင်ကာပူဒေါ်လာ ၃,၅၀၀) ခန့်ရှိကြောင်း စထရိတ်တိုင်းမ် ဝက်ဘ်ဆိုက်တွင် ရေးသားဖော်ပြထားသည်။