၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၁

တရုတ်နိုင်ငံမှ မှာယူထားသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး ၄ သန်း စက်တင်ဘာ ၁၂ ရက်နေ့က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ပြီးနောက် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုး‌နှံပေးရေး ဦးစားပေးအုပ်စုတွင် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်း(EAOs)များ ပါဝင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာမှ ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်မှ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့အချို့ကို ကိုဗစ်ကာကွယ်ဆေး စတင် ထိုးပေးနေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက CNI သတင်းဌာနသို့ ပြောသည်။

ဒေါက်တာမြတ်ဝဏ္ဏစိုးက “ထိုးလည်း ထိုးနေပါပြီ။ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်မှာဆို လူ ၃၀၀၀ လောက် ထိုးပြီးပါပြီ။ အဖွဲ့အစည်းတွေကတော့ မွန်နဲ့ ကရင်ဘက်က အဖွဲ့အစည်းတွေ နှစ်ခု၊ သုံးခုလောက်ကို စထိုးနေပါပြီ။ နောက် သူတို့ ဆက် သွယ်လာရင် ကျနော်တို့က ထိုးပေးမှာ ဖြစ်ပါတယ်”ဟု ‌ပြောသည်။

ကိုဗစ်ကာကွယ်ဆေးထိုးသည့် ကိစ္စနှင့်ပတ်သက်၍ ထိုးနှံခြင်း ရှိ/မရှိ သိရှိနိုင်ရန် မွန်ပြည်သစ်ပါတီ (NMSP)သို့ CNI သတင်း ဌာနမှ ဖုန်းဆက်သွယ် မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

ကရင်အမျိုးသား အစည်းအရုံး (KNU)၏ တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်အား ကျပ်သိန်း ၃၀၀ (သုံးရာ)နီးပါး တန်ဖိုးရှိ ကျန်းမာရေး အထောက်အကူပြုပစ္စည်းနှင့် ဆန်အိတ်များကို တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က စက်တင်ဘာ ၁၇ ရက် က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ လိုအပ်သော ဆေးဝါးများနှင့် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး လိုအပ်ချက်များရှိပါက တင်ပြနိုင်သလို တိုင်းရင်းသားများအား မှတ်ပုံတင် ပြုလုပ်ပေးခြင်းနှင့် COVID-19 ရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း တနင်္သာရီ

တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကိုက ပြောကြားခဲ့သည်။

စက်တင်ဘာ ၂၀ ရက်နေ့ကလည်း ကိုဗစ်ကာကွယ်ဆေးထိုးရန် ရက္ခိုင့်တပ်တော် (AA) နှင့် ညှိနှိုင်းဆောင်ရွက်သွားရန် ပြင်ဆင်ဆောင်ရွက်နေသည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပ‌ဒေချုပ် ဦးလှသိန်းက ပြောသည်။

ဦးခိုင်သုခ၏ လူမှုကွန်ရက် စာမျက်နှာတွင် “ကိုဗစ်ကာကွယ်ဆေး အပါအဝင် ယင်းရောဂါနှင့် ပတ်သက်လို့ ကြိုတင် ကာကွယ် တားဆီးရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ၊ ကာကွယ်ဆေးများကို ဘယ်နေရာမှာ ဘယ်လောက် လိုအပ်သလဲလို့ ကျနော်တို့ဆီကို စကစဖက်က မေးဖူးကြောင်း၊ မိမိတို့ဖက်ကလည်း သင့်တင့် လျောက်ပတ်သည့် အတိုင်းအတာအထိ ပေးနိုင်သလောက် ပေးနိုင်ကြောင်း အကြောင်းပြန်ထားပါသည်” ဟု ရေးသား ဖော်ပြထားသည်။

စက်တင်ဘာလကုန်တွင် ကိုဗစ်ကာကွယ်ဆေး(၈)သန်း ထပ်မံရောက်ရှိမည်ဖြစ်ပြီး ကာကွယ်‌ဆေးအလုံးရေ(၂၄)သန်းကို ဒီဇင်ဘာလ၌ အပြီး ထိုးနှံသွားဖြစ်ကာ လူဦးရေအားဖြင့် (၁၂)သန်းထိုးနှံ၍ရကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောသည်။