CNI International News

ဘန်ကောက်၊စက်တင်ဘာ ၂၄

COVID-19 ကာကွယ်ဆေးထိုးနှံမှုနှုန်း ရည်မှန်းထားသည့်အောက်သို့ ကျဆင်းနေသဖြင့် ဘန်ကောက်နှင့် အခြား မြို့ကြီးအချို့ကို နိုဝင်ဘာလမှ ပြန်လည်ဖွင့်လှစ်ရန် ထိုင်းအစိုးရ စီစဉ်နေကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်ဟု Channel News Asia ဝက်ဘ်ဆိုက်က ရေးသားဖော်ပြသည်။

လာမည့်အောက်တိုဘာလတွင် ဘန်ကောက်၊ ဟွာဟင်၊ ပတ္တယားနှင့် ချင်းမိုင်ကဲ့သို့ ထိုင်းခရီးသွားလုပ်ငန်း၏ အဓိကမြို့ကြီးများကို ခရီးသွားကဏ္ဍအတွက်
ကာကွယ်ဆေးထိုးပြီးသူများ လက်ခံကြိုဆိုရန် အစောပိုင်းက ထိုင်းအစိုးရတာဝန်ရှိသူများက စီစဉ်ထားခဲ့သည်။

“ကျနော်တို့ ရည်မှန်းထားတဲ့မြို့တွေမှာ ကာကွယ်ဆေးထိုးနှံမှု ရာခိုင်နှုန်းမပြည့်မီတဲ့အတွက် နိုဝင်ဘာအထိ ရွှေ့လိုက်ပါတယ်” ဟု ထိုင်းခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့မှ အုပ်ချုပ်ရေးမှူး ယူသာဆက်စူပါဆွန်က ရိုက်တာသို့ ပြောသည်။

ထိုင်းနိုင်ငံသည် အက်ထရာဇနီကာ (AstraZeneca) ကာကွယ်ဆေး အဓိကထုတ်လုပ်ပေးသည့်နိုင်ငံဖြစ်ပြီး ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ကာကွယ်ဆေးထိုးနှံခြင်း အရှိန်မြှင့်ရန် စက်တင်ဘာ ၂၂ ရက်က မှာကြား ခဲ့သော်လည်း တစ်နိုင်ငံလုံးကာကွယ်ဆေးဖြန့်ချိနိုင်ရေး ရုန်းကန်ကြိုးစားနေရဆဲဖြစ်သည်။

ယခုသတင်းရေးသားချိန်အထိ ဘန်ကောက်မြို့နေသူ စုစုပေါင်း၏ ၄၄ ရာခိုင်နှုန်းကို နှစ်ကြိမ်ထိုးနှံပြီးဖြစ်ကြောင်း၊ ယေဘုယျအားဖြင့် ထိုင်းလူဦးရေ ၇၁ သန်း၏ ခန့်မှန်းခြေ ၂၂ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးနှံနိုင်ခဲ့ကြောင်း ထိုင်းအစိုးရမှ ထုတ်ပြန်သောစာရင်းဇယားများအရ သိရသည်။

ခရီးသွားလုပ်ငန်း ပြန်လည်ဖြေလျော့ဖွင့်လှစ်ပေးမည့်အစီအစဉ်ကို ခေါ့စမွီကျွန်းနှင့် ဖူးခက်ကမ်းခြေတို့တွင်သာ စတင်နိုင်သေးသည်။

ထိုင်းနိုင်ငံသည် ၂၀၁၉ ခုနှစ်က လာရောက်လည်ပတ်သူ ခရီးသွား သန်း ၄၀ ခန့်ကို လက်ခံနိုင်ခဲ့ပြီး ဝင်ငွေအားဖြင့် ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) ၏ ၅ ပုံ ၁ ပုံကျော်ရှိခဲ့သော်လည်း ယခုနှစ်အတွက် ဧည်သည့် ဦးရေ ၁ သန်းသာ ရည်မှန်းထားနိုင်ခဲ့သည်။

ပိုမိုကူးစက်မြန်သည့် Delta မျိုးကွဲ ကိုဗစ်ပိုးကြောင့် ယခုနှစ် ဧပြီလမှစ၍ ထိုင်းနိုင်ငံတွင် ကူးစက်ခံရသူ ၁ ဒသမ ၅ သန်းကျော်ရှိခဲ့ပြီး ၁၅,၇၅၃ ဦးသေဆုံးခဲ့သည်။