လန်ဒန်၊ စက်တင်ဘာ ၁၄

အသက် ၁၂ နှစ်မှ ၁၅ နှစ်ကြားရှိ ကလေးများအားလုံးကို Covid-19 ကာကွယ်ဆေးထိုးပေးမည်ဟု ဗြိတိန်အစိုးရက စက်တင်ဘာ ၁၃ ရက်က ကြေညာခဲ့သည်။

ဗြိတိန်နိုင်ငံသည် Covid-19 ဒဏ်အပြင်းထန်ဆုံးခံစားခဲ့ရသည့်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး သေဆုံးသူ ၁၃၄,၀၀၀ ကျော်ရှိခဲ့သည်။

ကာကွယ်ဆေးထိုးအစီအစဉ်များ ချမှတ်ခဲ့သော်လည်း Delta မျိုးကွဲပိုးကြောင့် ရောဂါဖြစ်ပွားနှုန်း မကျဆင်းသေးဘဲ ကျောင်းပိတ်ရက်များအပြီး စာသင်ခန်းများ ပြန်ဖွင့်ချိန်တွင် ကူးစက်ခံရသူဦးရေ ပိုမိုတိုးပွားလာမည်ကို နိုင်ငံတဝန်း စိုးရိမ်နေကြသည်။

“အသက် ၁၂ နှစ်ကနေ ၁၅ နှစ်ကြားကလေးတွေကို ကိုရိုနာဗိုင်းရပ်စ်မကူးအောင် ကာကွယ်ရေး၊ ကျောင်းတွေမှာ ကူးစက်မှုလျှော့ချရေးနဲ့ စာသင်ခန်းတွေထဲ ကျောင်းသားတစ်ဦးစီ အကာအကွယ်လုပ်ဆောင်ရေးအတွက် ဆေးဘက်ဆိုင်ရာအရာရှိချုပ်တွေရဲ့ ထောက်ခံချက်ကို ကျနော် လက်ခံလိုက်ပါတယ်” ဟု ဗြိတိန်ကျန်းမာရေး ဝန်ကြီး ဆာဂျစ်ဂျာဗစ်က ပြောသည်။

ယခုကာကွယ်ဆေးထိုးအစီအစဉ်တွင် ကလေးသုံးသန်းကျော်ကို အဓိကပစ်မှတ်ထားကြောင်း ၎င်း ကျန်းမာရေး ဝန်ကြီးဌာနက ဆိုသည်။ အခြားနိုင်ငံများက ငယ်ရွယ်သူများကို ဆေးထိုးဖို့ ဦးတည်နေကြသော်လည်း တကယ်တမ်း ကလေးသူငယ်များကို ကာကွယ်ဆေးထိုးနှံပေးရန်မှာ လွယ်ကူလှသည့် အရေးကိစ္စ မဟုတ်ပေ။

ကိုယ်ခံအားစနစ်နှင့်ပတ်သက်၍ ဗြိတိန်ကျန်းမာရေးဌာနများကို ကာကွယ်ဆေးနှင့် ကိုယ်ခံအားဆိုင်ရာ ပူးတွဲ ကော်မတီ(JCVI)၏ အကြံပြုချက်များတွင်“ယခုအခါကာလ၌ အသက် ၁၂ နှစ်မှ ၁၅ နှစ်ကြား ကလေးများကို ကာကွယ်ဆေးထိုးပေးရန် ယူနီဗာဆယ်အစီအစဉ်သည် ကျန်းမာရေးရှုထောင့်ကိုအခြေခံ၍ ကြည့်ရှုသုံးသပ်လျှင် အကျိုးရလဒ်အားဖြင့် နည်းပါးလွန်းသေးကြောင်း” ဆိုထားသည်။

အင်္ဂလန်၊စကော့တလန်၊ဝေလနှင့် မြောက်အိုင်ယာလန်တို့မှ ဆေးဘက်ဆိုင်ရာအရာရှိ(CMO)များက စက်တင်ဘာ ၁၃ ရက် အစောပိုင်း၌ ပညာရေးနှင့်စိတ်ကျန်းမာရေးကဲ့သို့ကိစ္စရပ်များကို ခြုံငုံသုံးသပ်ပြီး နောက်ထပ် ကာကွယ်ဆေးများ ရရှိသင့်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

၁၂ နှစ်မှ ၁၅ နှစ်ကြား ကလေးများကို ကာကွယ်ဆေးထိုးပေးခြင်းဖြင့် ကျောင်းတွင်း ကိုဗစ်ကူးစက်မှု လျှော့ချရေး အထောက်အကူပြုလိမ့်မည်ဟု ဆေးဘက်ဆိုင်ရာအရာရှိများက ကောက်ချက်ချထားသည်။ လတ်တလော ကလေးငယ် ၃ သန်းခန့်သည် Pfizer ကာကွယ်ဆေး ပထမဆုံးထိုးနှံခြင်းခံရမည်ဖြစ်သည်။

ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် လာမည့်ဆောင်းရာသီအတွက် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် ၎င်းအစိုးရ၏အစီအမံများကို တိုင်းပြည်သို့ မကြာမီ တင်ပြရန်ရှိကြောင်း သိရသည်။