၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၃
တရုတ်နိုင်ငံသို့ မှာယူထားသည့် ကိုဗစ်-၁၉ Vaccine ကာကွယ်ဆေး ၄ သန်း စက်တင်ဘာ ၁၂ ရက်နေ့က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပထမဆုံး အသုတ်အနေဖြင့် ရောက်ရှိလာကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံရုံးက ထုတ်ပြန်ခဲ့သည်။
တရုတ်သံရုံးက “ လတ်တလောရက်ပိုင်းတွင် မြန်မာနိုင်ငံက တရုတ် Sinopharm Group ထံမှ ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်မံ ဝယ်ယူခဲ့ပါသည်။ စက်တင်ဘာ ၁၂ ရက်နေ့တွင် အထက်ပါ ကာကွယ်ဆေးများထဲမှ ပထမဆုံး အသုတ် အနေဖြင့် ကာကွယ်ဆေးအလုံးရေ ၄ သန်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပို့ဆောင် ရောက်ရှိခဲ့ ပါသည်” ဟု ဆိုသည်။
လက်ရှိအထိ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ထောက်ပံ့ပေးသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံးရေ ၁၂.၆ သန်းရှိ ပြီးဖြစ်ရာ ၎င်းတို့အနက် အလုံးရေ ၃.၉ သန်းသည် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းပေးအပ်ခြင်းဖြစ်၍ အလုံးရေ ၈.၇ သန်းသည် မြန်မာနိုင်ငံမှ ဝယ်ယူခြင်းဖြစ်သည်ဟုလည်း တရုတ်သံရုံးက ဆိုသည်။
ကျန်းမာရေး၀န်ကြီးဌာနမှ ပြောခွင့်ရ ဒေါက်တာ သန်းနိုင်စိုးက “အုပ်စုက ၅၅ နှစ်အောက်ကို အရင်တုန်းက ၆၅ နှစ် အထက်ဆိုပြီး ပထဆုံးအုပ်စုကိုလေ။ အဲအုပ်စုကနေ ၅၅ နှစ်အထိ ဆင်းထိုးမယ်။ နောက်ဦးစားပေး အုပ်စု အသစ်တွေ ထပ်ပါလာတယ်။ အဲမှာ မသန်စွမ်းသူများ ပါတယ်။
နာတာရှည်ရောဂါ အခံရှိသူများရယ်၊ ကယ်ဆယ် ရေး စခန်းနဲ့ စစ်ဘေးရှောင် စခန်းရယ်၊ နောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဆိုပြီး အုပ်စု ၄ အုပ်စု ထပ်တိုးတယ်” ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ တတိယလှိုင်းကို ရင်ဆိုင် ကျော်ဖြတ်နေရသည့်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိသည်။ အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်း ချုပ်၊ ကုသနိုင်ရေးအတွက် အခြေခံပညာကျောင်းများ (ပုဂ္ဂလိကကျောင်းများ၊ ဘုန်းတော်ကြီးသင်ကျောင်းများ အပါအဝင်) ကို စက်တင်ဘာ ၂၄ ရက်နေ့အထိ ယာယီပိတ်ထားမည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန် ကြေညာ ထားသည်။
အလားတူ အစိုးရရုံးလုပ်ငန်းများကိုလည်း စက်တင်ဘာလကုန်ထိ ယာယီပိတ်ထားမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာထားသည်။
ထို့နောက် ကိုဗစ်-၁၉ ကာကွယ်ဆေးကိုလည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထိုးနှံပေးလျက်ရှိကာ လက်ရှိမှာ တော့ လူဦးရေ စုစုပေါင်း ၆ သန်းကျော်ကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးထားပြီး ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။
ဦးစားပေးထိုးမည့် အုပ်စုထဲတွင် တိုင်းရင်းသားလက်နက်ကိုင်များ ပါဝင်ပြီး မည်သည့် လက်နက်ကိုင်တပ်ဖွဲ့ကို ထိုးနှံပေးမည်ကို မိမိအနေဖြင့် မသိရှိကြောင်း ကျန်းမာရေး၀န်ကြီးဌာနမှ ပြောခွင့်ရ ဒေါက်တာ သန်းနိုင်စိုးက ပြောသည်။
ဒေါက်တာ သန်းနိုင်စိုးက “ညှိနှိုင်းတဲ့ အပေါ်မှာ မူတည်ပြီးတော့ ထိုးသွားမယ်လို့တော့ သိရတယ်။ ကျနော်တို့ ကတော့ ဘယ်လိုသွားမလဲဆို တာတော့ ကိုဗစ် - ၁၉ ဗဟိုကော်မတီရဲ့ လမ်းညွန်မှုကနေပဲ လုပ်ရမှာပေါ့နော်။ ဘယ်အတိုင်းအတာနဲ့ ဘယ်သူ တွေ ထိုးမလဲဆိုတာတော့ အခုထိ မသိရသေးဘူး။ NCA သီးသန့်တော့ ရည်ရွယ် တာ မဟုတ်ဘူးထင်တယ်။ ကျနော်လည်း ပြောလို့ မရဘူးဗျ၊ နိုင်ငံရေးက ရှုတ်ထွေးတော့လေ။ ကျနော်တို့အနေနဲ့ ထုတ်ပြန်ထားတဲ့ အတိုင်း အတာ ပမာဏာပဲ ပြောလို့ ရမယ်ဗျ။ အဲမှာတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများ ပါတယ်ဆိုတော့ ကျနော်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ပါပါတယ်လို့ပဲ ပြောပါ ရစေ” ဟု ပြောသည်။
လက်ရှိ ကိုဗစ်-၁၉ ကူးစက်မှုမှာ စက်တင်ဘာ ၁၁ ရက် ည ၈ နာရီမှ စက်တင်ဘာ ၁၂ ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲ နမူနာစုစုပေါင်း ၂၁၂၃၀ ခုအား စစ်ဆေးခဲ့ရာ ကိုဗစ်အတည်ပြုလူနာသစ် ၁၉၅၃ ဦး တွေ့ရှိခဲ့သလို ထပ်မံ သေဆုံးသူ ၇၉ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ စတင်ဖြစ်ပွားခဲ့သည့်အချိန်မှ ယနေ့အထိ ဓာတ်ခွဲ နမူနာစုစုပေါင်း (၃,၉၅၄,၆၀၀)ခုအား စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစု ပေါင်း ၄ သိန်းကျော်ရှိပြီး သေဆုံးသူ ၁၆၄၅၁ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၂ ရက်နေ့ ည ၈ နာရီသတင်းထုတ်ပြန်ချက်မှာ ဖော်ပြ ထားသည်။