CNI News
၂၀၂၁ ခုနှစ်၊စက်တင်ဘာ ၁၂
တရုတ်နိုင်ငံသို့ မှာယူထားသည့် Sinopharm ကိုဗစ်-၁၉ Vaccine အလုံးရေ ၄ သန်းကို ယနေ့ (စက်တင်ဘာ ၁၂ ရက်) ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပထမဆုံး အသုတ်အနေဖြင့် ရောက်ရှိလာကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။
တရုတ်သံရုံးက “ လတ်တလောရက်ပိုင်းတွင် မြန်မာနိုင်ငံက တရုတ် Sinopharm Group ထံမှ ကိုဗစ်-၁၉ Vaccine ထပ်မံ ဝယ်ယူခဲ့ပါသည်။ စက်တင်ဘာ ၁၂ ရက်နေ့တွင် အထက်ပါ Vaccine များထဲမှ ပထမဆုံး အသုတ် အနေဖြင့် Vaccine အလုံးရေ ၄ သန်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပို့ဆောင်ရောက်ရှိခဲ့ ပါသည်”ဟု ဆိုသည်။
လက်ရှိအထိ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ထောက်ပံ့ပေးသည့် ကိုဗစ်-၁၉ Vaccine အလုံးရေ ၁၂.၆ သန်းရှိပြီး ဖြစ်ရာ ၎င်းတို့အနက် အလုံးရေ ၃.၉ သန်းသည် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းပေးအပ်ခြင်းဖြစ်၍ အလုံးရေ ၈.၇ သန်းသည် မြန်မာနိုင်ငံမှ ဝယ်ယူခြင်းဖြစ်သည်ဟုလည်း တရုတ်သံရုံးက ဆိုသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ တတိယလှိုင်းကို ရင်ဆိုင် ကျော်ဖြတ်နေရသည့်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိသည်။ အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်း ချုပ်၊ ကုသနိုင်ရေးအတွက် အခြေခံပညာကျောင်းများ(ပုဂ္ဂလိကကျောင်းများ၊ ဘုန်းတော်ကြီး သင်ကျောင်း များ အပါအဝင်)ကို စက်တင်ဘာ ၂၄ ရက်နေ့အထိ ယာယီပိတ်ထားမည်ဖြစ်ကြောင်း နစကမှ ထုတ်ပြန် ကြေညာ ထားသည်။
ပုံ-၂၀၂၁ ခုနှစ်၊စက်တင်ဘာ ၁၂ ရက်က ရန်ကုန်လေဆိပ်သို့ ရောက်လာသည့် Vaccine ကိုဗစ်ကာကွယ်ဆေးများ
အလားတူ အစိုးရရုံးလုပ်ငန်းများကိုလည်း စက်တင်ဘာလကုန်ထိ ယာယီပိတ်ထားမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာထားသည်။
ထို့နောက် ကိုဗစ်-၁၉ ကာကွယ်ဆေးကိုလည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထိုးနှံပေးလျက်ရှိကာ လက်ရှိမှာ တော့ လူဦးရေ စုစုပေါင်း ၆ သန်းကျော်ကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးထားပြီး ဖြစ်ကြောင်း ကျန်းမာ ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။
လက်ရှိ ကိုဗစ်-၁၉ ကူးစက်မှုမှာ စက်တင်ဘာ ၁၀ ရက် ည ၈ နာရီမှ စက်တင်ဘာ ၁၁ ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲ နမူနာစုစုပေါင်း ၂၆၁၉၆ ခုအား စစ်ဆေးခဲ့ရာ ကိုဗစ်အတည်ပြုလူနာသစ် ၂၃၆၄ ဦးတွေ့ရှိခဲ့သလို ထပ်မံ သေဆုံးသူ ၉၈ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ စတင်ဖြစ်ပွားခဲ့သည့်အချိန်မှ ယနေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း ၄ သိန်းကျော်ရှိပြီး သေဆုံးသူ ၁၆၄၅၁ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။