မော်စကို စက်တင်ဘာ ၁၂

ရုရှားအရေးပေါ်အခြေအနေဌာန ဝန်ကြီး ယက်ဂီနေးဇီနီချက်ဗ်သည် အာတိတ်ဒေသမြို့တော် နိုရဲစလပ်မြို့၌ ကာယလေ့ကျင့်ခန်းကြီးကြပ်နေစဉ် လူတစ်ဦး၏အသက်ကို ကယ်တင်ဖို့ကြိုးစားရင်း သေဆုံးသွားခဲ့ကြောင်း ရုရှားသတင်းအေဂျင်စီများကို ကိုးကားလျက် အယ်လ်ဂျာဇီးယားက စက်တင်ဘာ ၈ ရက်တွင် ရေးသားဖော်ပြသည်။

အသက် ၅၅ နှစ်အရွယ်ရှိ ဝန်ကြီး ယက်ဂီနေးဇီနီချက်ဗ်သည် အာတိတ်ဒေသရှိ အကြီးစားကာယလေ့ကျင့်ခန်းများကို ကြီးကြပ်ခြင်း၊ နိုရဲစလပ်မြို့၌ မီးသတ်စခန်းအသစ် တည် ဆောက်ရေးလုပ်ငန်းခွင် စစ်ဆေးခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့လုပ်ငန်းများ ကြည့်ရှုခြင်း စသည်တို့ ဆောင်ရွက်နေစဉ် ရုတ်တရက်သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း စက်တင်ဘာ ၈ ရက်က ၎င်းဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

အစိုးရငွေကြေးဖြင့် လည်ပတ်နေသော RT ရုပ်သံသတင်းဌာန အယ်ဒီတာချုပ် မာဂါရီတာဆိုင်မွန်ယန်က “ချော်လဲပြီး ရေထဲပြုတ်ကျသွားသော ကင်မရာမင်းကို ကယ်ဆယ်စဉ် ဝန် ကြီး သေဆုံးခဲ့ကြောင်း” အတည်ပြုပြောကြားသည်။

“မျက်မြင်သက်သေတွေ အများကြီးရှိပါတယ်။ လဲကျတဲ့လူက ကျောက်တုံးပေါ်တင်နေတာကို တွေ့တော့ ဇီနီချက်ဗ်က ရေထဲခုန်ချလိုက်တာ။ ဒါပေမယ့် ဘာတွေ ဘယ်လိုဖြစ်တယ်ဆိုတာ ပြောဖို့ အချိန်တောင် မရလိုက်ဘူးဗျာ” ဟု မာဂါရီတာဆိုင်မွန်ယန်က တွစ်တာလူမှုကွန်ရက်ပေါ် ရေးသားထားသည်။

ဇီနီချက်ဗ်သည် လုံခြုံရေးဝန်ဆောင်မှုများဖြင့် အသက်မွေးခဲ့သည့် ထင်ရှားသောနိုင်ငံရေးသမားလက်တစ်ဆုတ်စာထဲမှ သမ္မတ ဗလာဒီမာပူတင်စိတ်ကြိုက်ရွေးခဲ့သူ တစ်ဦးဖြစ် သည်။ ဗလာဒီမာပူတင်ကိုယ်တိုင်သည်လည်း တစ်ချိန်က KGB ထောက်လှမ်းရေးဟောင်း ဖြစ်ခဲ့ဖူးသည်။

ကရင်မလင်နန်းတော်မှ ဖြန့်ချိသော ဝမ်းနည်းကြောင်းကြေးနန်းစာတစ်စောင်တွင် ဗလာဒီမာပူတင်က “သူ ကွယ်လွန်ခြင်းဟာ ကျနော့်အတွက် အစားထိုးမရနိုင်တဲ့ဆုံးရှုံးမှု တစ်ခုဖြစ်ပါတယ်။ ကျနော်တို့ နှစ်ပေါင်းများစွာ အတူတူလက်တွဲခဲ့ကြတာပါ” ဟု ပြောကြားထားသည်။

ဇီနီချက်ဗ်သည် ၂၀၁၈ ခုနှစ်က စတင်ပြီး အရေးပေါ်အခြေအနေဝန်ကြီးဌာနကို တာဝန်ယူခဲ့ရသည်။ သူ့ရှေ့က အရေးပေါ်အခြေအနေဝန်ကြီးသည် ဆိုက်ဘေးရီးယားရှိ ဈေးဝယ်စင်တာတစ်ခု မီးအကြီးအကျယ်လောင်ကာ လူ ၆၀ ကျော်သေဆုံးပြီး နိုင်ငံတဝန်း ဂယက်ရိုက်ခဲ့ရာ အဆိုပါဝန်ကြီး ရာထူးမှ ဆင်းပေးခဲ့ရသည်။ ယင်းနောက်တွင် ဇီနီချက်ဗ်က အဆိုပါဝန်ကြီးဌာနကို ဆက်ခံကိုင်တွယ်ရခြင်းဖြစ်သည်။