စင်ကာပူ စက်တင်ဘာ ၁၂
စင်ကာပူပြည်တွင်း COVID-19 ကူးစက်နှုန်း သိသာစွာတိုးလာခြင်းမှာ စိုးရိမ်စရာဖြစ်လာပြီး လာမည့်ရက်သတ္တပတ် နှစ်ပတ်မှ လေးပတ်အတွင်း ကူးစက်ခံရသူအသစ် အရေ အတွက် ပိုမိုတိုးလာပြီး ပြင်းထန်စွာဖြစ်ပွားမှုနှင့် သေဆုံးမှုအရေအတွက်များပြားလာနိုင်ဖွယ်ရှိနေကြောင်း ၎င်းအစိုးရအဖွဲ့ဝင် ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီး ဂန်ကင်ယောင်က စက်တင်ဘာ ၁၀ ရက်၌ ပြောကြားလိုက်သည်ဟု ‘သည်စထရိတ်တိုင်းမ်သတင်းစာ’တွင် ရေးသားဖော်ပြထားသည်။
ပျမ်းမျှ နေ့စဉ် COVID-19 လူနာအသစ်ဦးရေသည် ပြီးခဲ့သည့်ရက်သတ္တနှစ်ပတ်က ၇၆ ဦးရှိခဲ့ရာမှ ယခင်ရက်သတ္တပတ်အတွင်း ၂၈၈ဦး အထိ တဖန်များပြားခဲ့ကြောင်း၊ ထိုသို့ တကျော့ပြန် ပြင်းထန်လာခြင်းပြသသည့် ကိန်းဂဏန်းများကြောင့် စမ်းသပ်မှုစစ်တမ်း ထပ်မံကောက်ယူခဲ့ရပြီး လူနာအရေအတွက် မကြာမီ ၁၀၀၀ ကျော်လာမည်ဖြစ်ကြောင်း စင်ကာပူကျန်းမာရေးဝန်ကြီးဌာနက ခန့်မှန်းသည်။
သတင်းစာရှင်းလင်းပွဲတစ်ခုတွင် သတင်းထောက်များကို ဝန်ကြီးမစ္စတာဂန်ကင်ယောင်က “စင်ကာပူမှာ ကာကွယ်ဆေးထိုးနှုန်း မြင့်လာလို့ အစိုးရက စီးပွားရေးလုပ်ငန်းများ ပြန်ဖွင့်ပေးဖို့ အစီအစဉ်ရှိသလားလို့ လူအများစုက မေးနေကြတာကို ကျနော်တို့ သတိပြုမိပါတယ်။ အခုဆိုရင် စင်ကာပူလူဦးရေရဲ့ ၈၁ ရာခိုင်နှုန်း ကာကွယ်ဆေး အပြည့်အဝ ထိုးပြီးပါပြီ” ဟု ပြောကြားခဲ့သည်။
စင်ကာပူနိုင်ငံသားများ COVID-19 ကူးစက်မှုအရှိန်တက်လာစေသည့် မရှိမဖြစ်လိုအပ်သည့် လူမှုရေးလုပ်ငန်းများ လျှော့ချရန် ဘဏ္ဍာရေးဝန်ကြီး လောရင့်ဝမ်က တိုက်တွန်းခဲ့သည်။
“လူအများစုက Covid-19 ခံနိုင်ရည်ရှိတဲ့ လမ်းကို ပိုကြိုက်တယ်ဆိုတာ ကျနော်တို့ နားလည်ပေမယ့် ဒီလမ်းတလျှောက် လှည့်ကွက်တချို့ကိုလည်း မှန်းဆထားရမယ်။ ဗိုင်းရပ်စ်ကို ခန့်မှန်းလို့မရနိုင်တဲ့အခြေအနေတွေကြောင့် ကျနော်တို့လျှောက်နေတဲ့လမ်းအတိုင်း အစီအစဉ်တွေ ချိန်ညှိသွားဖို့ အသင့်ဖြစ်နေမှရမယ်” လို့ ဘဏ္ဍာရေးဝန်ကြီးက ပြောသည်။
ကာကွယ်ဆေးထိုးနှံမှုနှင့် ရောဂါစစ်ဆေးမှု အရှိန်မြှင့်နေသော်လည်း စင်ကာပူအနေဖြင့် ကာကွယ်ဆေးလွှမ်းခြုံမှု ပိုမိုမြင့်မားအောင် ဆက်လက်အလေးပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးသူများ နေအိမ်၌ပင် ပြန်လည်အားယူစေမည့် ရှေ့ပြေးအစီအစဉ်တစ်ခုကို ပြီးခဲ့သည့် ဩဂုတ် ၃၀ ရက်က စတင်ခဲ့ပြီး ယင်းအစီအစဉ်ကို မူလက စက်တင်ဘာ ၁၅ ရက်အထိ သတ်မှတ်ခဲ့သော်လည်း ယခု စက်တင်ဘာလကုန်ပိုင်းအထိ တစ်လတိတိ တိုးမြှင့်ထားသည်။