ဘန်ကောက်၊စက်တင်ဘာ ၁၁

ဘန်ကောက်မြို့ရှိ ဈေးသည်များ ပူအိုက်သည့်မုတ်သုံရာသီတွင် အင်္ကျီချိုင်းကြား ချွေးစိုနေရင်းက COVID-19 ကူးစက်မှု မသိမသာလက္ခဏာများ ပါဝင်နိုင်ခြေများကြောင်း ထိုင်း ပြည်တွင်းသိပ္ပံပညာရှင်များက ပြောကြား သည်။

ထိုင်းဆေးသိပ္ပံသုတေသီများသည် ချွေးအခြေခံသည့် ဗိုင်းရပ်စ်ပိုးဖမ်းစက်တစ်မျိုးကို တီထွင်နေကြပြီး ယခု သီတင်းပတ် ဘန်ကောက်အစားအသောက်ဈေးတန်းတစ်ခုရှိ လမ်းပေါ်တွင် စမ်းသပ်ခဲ့ကြသည်။

“နမူနာတွေကို စစ်ကြည့်တော့ COVID-19 ကူးစက်ခံရသူတွေမှာ မတူညီတဲ့ဓါတ်ပစ္စည်းတွေ တွေ့ရပါတယ်” ဟု ဘန်ကောက်၊ ချူလာလောင်ကွန်းတက္ကသိုလ်မှ ချာဒင်ကော်လ်စင်က ပြောသည်။

အဆိုပါစမ်းသပ်ချက်တွင် COVID-19 လူနာများ၏ချွေးထဲ၌ ဘက်တီးရီးယားများကြောင့် ထွက်ပေါ်လာသော အနံ့များကို ရှာဖွေထောက်လှမ်းရန် တီထွင်ထားသည့်စက်ကို အသုံးပြုခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

စမ်းသပ်မှုသည် ၉၅ ရာခိုင်နှုန်းတိကျကြောင်း ချာဒင်ကော်လ်စင်က ပြောကြားခဲ့ပြီး ဓါတ်ခွဲခန်းများတွင် ကုန်ကျစရိတ်များပြားလှသော swab စမ်းသပ်မှုနေရာကို အစားထိုးနိုင်မည့် ကုန်ကျစရိတ်နည်းနည်းဖြင့် ရွေးချယ်မှုတစ်ခုဖြစ်လာနိုင်စရာ မျှော်မှန်းထားသည်။

သို့သော် အဆိုပါစက်ကိရိယာသည် တီထွင်နေဆဲအဆင့်သာ ရှိသေးပြီး ၎င်း၏နောက်ကွယ်၌ သုတေသန ပြုချက်ကို ထုတ်ပြန်ခြင်း(သို့မဟုတ်)ပြန်လည်သုံးသပ်ခြင်း မရှိသေးပေ။

ပတ်ဝန်းကျင်၌ အဆိပ်အတောက်ဖြစ်စေသော ဓါတုပစ္စည်းများကို ထောက်လှမ်းနိုင်ရန် ကိရိယာတစ်ခုအဖြစ် ထိုင်းသိပ္ပံပညာရှင်များက အာရုံစိုက်ထားကြသည်။

၎င်းနမူနာကို ခရမ်းလွန်ရောင်ခြည်ဖြင့် ပိုးသတ်ထားသော ဖန်ပုလင်းထဲသို့ မထည့်မီ စမ်းသပ်မည့် ဂွမ်းစနမူနာကို လူ၏ချိုင်းကြားအောက် ၁၅ မိနစ်ထားရသည်။

“ပညာရှင်တချို့ကတော့ ပိုက်နဲ့ ချွေးကို စုပ်ယူပြီး လိုချင်တဲ့ပမာဏရရင် ဓါတ်ခွဲကြည့်ဖို့ တိုက်တွန်းကြတယ်” ဟု ချာဒင်ကော်လ်စင်က ပြောသည်။

၁၅ မိနစ်ကြာ ယူထားသည့် နမူနာမှ ထွက်ရှိလာသည့် ရလဒ်များသည် စက္ကန့် ၃၀ အတွင်း စက်က ပြသပေးသည်။

ချွေးဖြင့် စမ်းသပ်ခြင်းသည် နှာခေါင်းပေါက် swab ယူခြင်းထက် ပိုမိုသဘောကျကြောင်း ဘန်ကောက်ရှိ ဈေးသည်များက အားပါးတရ တုံ့ပြန်ကြသည်။

“ချွေးနဲ့စမ်းကြည့်ရင်း အဖြေတစ်ခု သိလိုက်ရလို့ ကျနော် အလုပ်လုပ်ရတာ ပိုအဆင်ပြေသွားတယ်” ဟု အသက် ၄၃ နှစ်ရှိ ဖရဲသီးရောင်းသူတစ်ဦးက အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားခဲ့သည်။

“PCR နဲ့ စမ်းတုန်းက ကျနော့်မှာ စမ်းသပ်စင်တာထဲ အကြာကြီး ထိုင်ပြီး အဖြေစောင့်လိုက်ရတယ်ဗျာ။ ဒါ ကျနော့်အတွက် သက်သက်အချိန်ဖြုန်းလိုက်ရတာပဲ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

COVID-19 တတိယလှိုင်းဒဏ် အပြင်းအထန်ခံစားခဲ့ရသော ထိုင်းနိုင်ငံတွင် စက်တင်ဘာလ ၉ ရက်က ကူးစက် ဖြစ်ပွားသူအသစ် ၁၆,၀၀၀ ရှိခဲ့ပြီး ကပ်ရောဂါစတင်ချိန်မှ ယခုအချိန်အထိ ဖြစ်ပွားသူစုစုပေါင်း ၁ ဒသမ ၃၄ သန်းရှိသွားပြီဖြစ်သည်။