မွမ်ဘိုင်း၊ စက်တင်ဘာ ၁၀

အိန္ဒိယ၏ဘဏ္ဍာရေးမြို့တော်ဖြစ်သည့် မွမ်ဘိုင်းမှာ ယခုနှစ်၏အကြီးကျယ်အခမ်းနားဆုံးပွဲတော် စတင်ဖို့ အသင့်ဖြစ်နေပြီး အခြားတစ်ဖက်မှာလည်း နေ့စဉ် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုက တိုးလာနေသည်။

အာဏာပိုင်များက နောက်ထပ်မဖြစ်ပွားစေရန် ကာကွယ်ရေးအစီအမံများ ချမှတ်သည့်တိုင် တစ်လမှာ နှစ်ဆခန့် Covid-19 လူနာဦးရေ များပြားလာနေခဲ့ကြောင်း ရိုက်တာသတင်းကိုကိုးကားလျက် စထရိတ်တိုင်းမ် ဝက်ဘ်ဆိုက် ကဖော်ပြသည်။

ယနေ့ စက်တင်ဘာ ၁၀ ရက်မှာ စတင်တော့မည့် ဟိန္ဒူနတ်ဘုရား ဂန်နက်ရှ်ချက်တာသီပွဲတော်အတွက် လူအများအဆင်သင့်ဖြစ်နေပြီး ဈေးအသီးသီးနဲ့လမ်းများပေါ်မှာ အထူးစည်ကားနေသည်။ ဆင်များ၏ဦးကင်းတွင် နတ်ဘုရားကို ပင့်ဆောင်၍ ပူဇော်ကြမည်ဖြစ်သည်။

အိန္ဒိယနိုင်ငံအတွင်း ယခုနှစ် ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းကြောင့် မွမ်ဘိုင်း၌ ကူးစက်ဖြစ်ပွားသူ ၁၁,၀၀၀ အထိ အများဆုံးစံချိန်တင်ခဲ့သော်လည်း ရောဂါထိန်းချုပ်မှုနည်းလမ်းနှင့်အစီအမံများ အောင်မြင်ခဲ့၍ လူနာအများစု ပြန်လည်နာလန်ထလာခဲ့ကာ ကူးစက်မှုကို တားဆီးနိုင်ခဲ့သည်။

မွမ်ဘိုင်းမြို့ပေါ်မှာ Covid-19 ကန့်သတ်ချက်အများစု ရုပ်သိမ်းပေးခဲ့ပြီး ကာကွယ်ဆေးအပြည့်အဝ ထိုးနှံပြီးသူ ခရီးသည်များအတွက် မီးရထားသယ်ယူပို့ဆောင်ရေး ပြန်ဖွင့်ပေးခဲ့သည်။ သို့သော် ဂန်နက်ရှ်ပွဲတော် နီးကပ် လာသည်နှင့်အမျှ လူအုပ်စုလိုက် မြို့တွင်းဝင်ထွက်သွားလာနေခြင်းကို အာဏာပိုင်များက ကန့်သတ်ခဲ့ရပြီး နတ်ကွန်းများအနီးတဝိုက် ကူးစက်မှုလျော့ကျစေဖို့ ယာယီအဆောက်အဦအချို့တွင် Covid-19 အစီအမံများ ချမှတ်ထားသည်။

ရောဂါမကူးစက်မီကလည်း မြို့ပေါ်ရှိ ထောင်နှင့်ချီသောပြည်သူများ ဂန်နက်ရှ်ရုပ်တုများကို မျှော်မှန်း ဆုတောင်းကြဖို့ လမ်းများမှာ စုဝေးခဲ့ကြဖူးသည်။ လမ်းထောင့်တိုင်းတွင် ပြည်တွင်းလူမှုအဖွဲ့အစည်းများနှင့် နိုင်ငံရေးသမားအချို့ နေရာယူထားကြပြီး ပွဲတော်၏နောက်ဆုံးနေ့၌ ၎င်းရုပ်တုများကို ပင်လယ်ရေထဲ နှစ်မြှုပ်ရသည့်ဓလေ့ ဆင်နွှဲကြသည်။

ယခုနှစ်တွင်တော့ နတ်ကွန်းများနှင့် ဘရီဟန်မွမ်ဘိုင်း စည်ပင်ရုံးအနီးသို့ လူစုလူဝေးမဖြစ်ပေါ်စေရန် တားဆီးထားပြီး ဖြစ်နိုင်လျှင် ကာကွယ်ဆေးအပြည့်အဝထိုးပြီးသူ ၁၀ ဦးသာ ရုပ်တုနှင့်အတူ ခြံရံလိုက်ပါရန် ကျန်းမာရေးအာဏာပိုင်များက အကြံပြုထားသည်။

အဆိုပါပွဲတော်ရာသီ အိန္ဒိယတွင် စတင်နေချိန်တွင် အခြားပြည်နယ်များတွင်လည်း Covid-19 တတိယလှိုင်း အတွက် တုံ့ပြန်ဖို့ ပြင်ဆင်နေကြသည်။

စက်တင်ဘာ ၉ ရက် ညပိုင်းက အိန္ဒိယကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ကူးစက်ခံရသူအသစ် ၄၃,၂၆၃ ဦးရှိကြောင်း၊ စုစုပေါင်းကူးစက်
ဖြစ်ပွားသူ ၃၃ ဒသမ ၁၄ သန်းအထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။