ဂျနီဗာ၊စက်တင်ဘာ ၁၀

ကမ္ဘာ့နိုင်ငံများအနေဖြင့် ယခုနှစ်အကုန်ပိုင်းအထိ COVID ကာကွယ်ဆေး ထပ်မံထိုးနှံကြခြင်းကို ရှောင်ရှား ကြရန်နှင့် ကာကွယ်ဆေးတစ်ကြိမ်မှ မထိုးနှံရသေးသူများ သန်းပေါင်းများစွာရှိခြင်းကို ထောက်ရှုကြရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က တိုက်တွန်းခဲ့ကြောင်း အေအက်ဖ်ပီသတင်းကို ကိုးကား၍ todayonline.com က ဖော်ပြထားသည်။

ဆင်းရဲနွမ်းပါးသည့်နိုင်ငံများအနေဖြင့် အကြွင်းအကျန်ထိုးဆေးများဖြင့်သာ ကျေနပ်နှစ်သိမ့်နေရမည်ဟု ကမ္ဘာလုံးဆိုင်ရာကာကွယ်ဆေးထောက်ပံ့မှုကို ထိန်းချုပ်သောကုမ္ပဏီများနှင့် ကမ္ဘာ့နိုင်ငံများက ယူဆကြမည် ဆိုပါက ၎င်းအနေဖြင့် နှုတ်ဆိတ်နေမှာမဟုတ်ဘူးဟု WHO အကြီးအကဲ တက်ဒရော့စ်အက်ဟာနမ်ဂူဘရာရက်စ် ဆို့စ်(Tedros Adhanom Ghebreyesus)က သတင်းထောက်များကို ပြောကြားခဲ့သည်။

ချမ်းသာသောနိုင်ငံများနှင့် ကာကွယ်ဆေးထုတ်လုပ်နိုင်သည့်နိုင်ငံများ၌ အကြိမ်ကြိမ် ထပ်မံထိုးနှံပေးနေခြင်းထက် ကျန်းမာရေးဝန်ထမ်း အားနည်းပြီး လူဦးရေများပြား၍ ဆင်းရဲချို့တဲ့သည့်နိုင်ငံများအတွက်လည်း ဦးစားပေး လုပ်ဆောင်ကြရန်လည်း တိုက်တွန်းခဲ့သည်။

“ကာကွယ်ဆေးအပြည့်အဝ ထိုးထားပြီး ကျန်းမာနေသူတွေအတွက် ထပ်မံထိုးနှံနေတာမျိုး ကျနော်တို့ မတွေ့ လိုပါဘူး” ဟု WHO အကြီးအကဲက ပြောသည်။

COVID-19 Vaccine Booster ဟုခေါ်သည့် ထပ်မံထိုးနှံရသည့်ဆေးများကို ယခုစက်တင်ဘာလကုန်အထိ ဆိုင်းငံ့ထားရန်နှင့်ဆင်းရဲသောနိုင်ငံများအတွက် ထိုးဆေးများ ဖြန့်ဖြူးမှု မမျှတခြင်းကို ဖြေရှင်းရန် WHO က ယင်းကဲ့သို့ တိုက်တွန်းတောင်းဆိုလိုက်ခြင်းလည်းဖြစ်သည်။

သို့ရာတွင် ကမ္ဘာ့အခြေအနေက အနည်းငယ်အပြောင်းအလဲရှိလိမ့်မည်ဟုလည်း ဒေါက်တာ တက်ဒရော့စ်က ဝန်ခံခဲ့သည်။ တစ်ချိန်တည်းမှာပင် WHO ကျွမ်းကျင်ပညာရှင်များအနေဖြင့် ကိုဗစ်မူလအစကို ရှာဖွေနေခြင်း မှာလည်း တုံ့ဆိုင်းနေကြောင်း သိရသည်။

“အဲဒါကြောင့် အနည်းဆုံး ဒီနှစ်ကုန်ပိုင်းအထိ ကိုဗစ်ကာကွယ်ဆေး ထပ်တလဲလဲထိုးနေတာ ရပ်ကြဖို့ ဒီကနေ့ ကျနော်တို့တောင်းဆိုတိုက်တွန်းရတာဖြစ်ပါတယ်” ဟု ဒေါက်တာ တက်ဒရော့စ်က ရှင်းပြသည်။

ဝင်ငွေမြင့်မားသော နိုင်ငံများက ကာကွယ်ဆေး ၁ ဘီလီယံကျော်ကို ဆင်းရဲသောနိုင်ငံများသို့ လှူဒါန်းမည်ဟု ကတိပြုခဲ့သော်လည်း ထိုပမာဏမှာ တစ်ကမ္ဘာလုံးအတိုင်းအတာ၏ ၁၅ ရာခိုင်နှုန်းအောက်တွင်သာ ရှိကြောင်း အေအက်ဖ်ပီသတင်းအရ သိရသည်။